Homeအထူးသတင်းအမေရိကန်က အီရန်ကို ရှစ်ညဆက်တိုက် လေကြောင်းတိုက်ခိုက်၊ အီရန်က ပင်လယ်ကွေ့ဒေသရှိ အမေရိကန်အခြေစိုက်စခန်းတွေကို ပြန်လည်ပစ်ခတ်

အမေရိကန်က အီရန်ကို ရှစ်ညဆက်တိုက် လေကြောင်းတိုက်ခိုက်၊ အီရန်က ပင်လယ်ကွေ့ဒေသရှိ အမေရိကန်အခြေစိုက်စခန်းတွေကို ပြန်လည်ပစ်ခတ်

၁၉ ဇူလိုင် ၂၀၂၆ | New Day Myanmar

အမေရိကန်က အီရန်နိုင်ငံအပေါ် ရှစ်ညဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီးနောက် အီရန်ဘက်ကလည်း ပင်လယ်ကွေ့ဒေသရှိ အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုနေတဲ့ စစ်အခြေစိုက်စခန်းတွေနဲ့ မဟာမိတ်နိုင်ငံတချို့ကို ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာနေပါတယ်။

အမေရိကန်စစ်တပ်ဟာ အီရန်တောင်ပိုင်း ဟော်မုဇ်ဂန်ပြည်နယ်ရှိ Sirik နဲ့ Hajiabad ဒေသတွေကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အမေရိကန်ဘက်ကတော့ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို အီရန်တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေတာလို့ ပြောဆိုထားပါတယ်။

အီရန်ဘက်ကတော့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကူဝိတ်၊ ဘာရိန်းနဲ့ ဂျော်ဒန်အပါအဝင် ပင်လယ်ကွေ့ဒေသရှိ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ စစ်ရေးပစ်မှတ်တွေကို ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ကြေညာထားပါတယ်။ ဒေသတွင်းနိုင်ငံတချို့ကတော့ အရပ်သားအခြေခံအဆောက်အအုံတွေလည်း ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမေရိကန်နဲ့ အီရန် နှစ်ဖက်စလုံးကတော့ တစ်ဖက်ကိုတစ်ဖက် အရပ်သားအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ အပြန်အလှန် စွပ်စွဲနေကြပြီး စစ်ရေးတင်းမာမှုတွေ လျော့ကျမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။

အမေရိကန်နဲ့ အီရန်အကြား တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ပိုမိုပြင်းထန်လာခဲ့တာဖြစ်ပြီး ဟော်မုဇ်ရေလက်ကြား၊ အမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့ ဒေသတွင်း စွမ်းအင်အခြေခံအဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ဒေသတွင်း ပဋိပက္ခ ပိုမိုကျယ်ပြန့်လာနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

Related News

Most Read