၁၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
တောင်ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီ SK ecoplant ရဲ့ လုပ်ငန်းခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ဦး လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO) Kim Hyung-keun က သေဆုံးသူရဲ့ မိသားစုကို တရားဝင်တောင်းပန်ခဲ့ပြီး လုပ်ငန်းခွင်လုံခြုံရေးစနစ်တွေကို အပြည့်အဝ ပြန်လည်သုံးသပ်မယ်လို့ ပြောကြားလိုက်ပါတယ်။
သေဆုံးသူဟာ အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုအောင်မင်းဦး ဖြစ်ပြီး SK ecoplant နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကန်ထရိုက်တာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေစဉ် ဇူလိုင် ၁၇ ရက်က conveyor belt စက်ထဲမှာ ပိတ်မိပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်အပြီး ဇူလိုင် ၁၉ ရက်မှာ SK ecoplant CEO Kim Hyung-keun က သေဆုံးသူရဲ့ မိသားစုကို သွားရောက်တွေ့ဆုံပြီး ဝမ်းနည်းကြောင်းဖော်ပြကာ တောင်းပန်ခဲ့ပါတယ်။ ဒါ့အပြင် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး စီမံခန့်ခွဲမှုတွေကို အခြေခံကစပြီး ပြန်လည်စစ်ဆေးကာ ပြုပြင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
တောင်ကိုရီးယား အလုပ်သမားဘေးကင်းလုံခြုံရေး အာဏာပိုင်တွေကတော့ အဆိုပါ သေဆုံးမှုနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်လုံခြုံရေးစည်းမျဉ်းတွေ လိုက်နာထားခြင်းရှိ၊ မရှိကို စုံစမ်းစစ်ဆေးနေပါတယ်။ စည်းမျဉ်းချိုးဖောက်မှုတွေ တွေ့ရှိပါက တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူနိုင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဆောက်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား အများအပြား အလုပ်လုပ်ကိုင်နေကြပြီး လုပ်ငန်းခွင်အန္တရာယ်ကြောင့် သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး စံနှုန်းတွေ တင်းကျပ်စွာ အကောင်အထည်ဖော်ဖို့ အလုပ်သမားအခွင့်အရေးအဖွဲ့တွေက ဆက်တိုက် တောင်းဆိုနေကြပါတယ်။


