၂၈ ဇူလိုင် ၂၀၂၆ | New Day Myanmar
တောင်ကိုရီးယားနိုင်ငံ KTX အမြန်ရထားလမ်းတည်ဆောက်ရေးလုပ်ငန်းခွင်မှာ တကိုယ်တည်းအလုပ်လုပ်ရင်း သေဆုံးခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား ကိုအောင်မင်းဦးရဲ့ ရုပ်အလောင်းကို ဇူလိုင် ၂၈ ရက်မှာ မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်လိုက်ပါတယ်။
ကိုရီးယားအလုပ်သမားလျော်ကြေးနဲ့ လူမှုဖူလုံရေးဝန်ဆောင်မှုအဖွဲ့ (K-COMWEL) က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နှုတ်ဆက်အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ပေးခဲ့ပြီးနောက် မိသားစုနဲ့အတူ ရုပ်အလောင်းကို ပြန်လည်ပို့ဆောင်ခဲ့တာပါ။
ကိုအောင်မင်းဦးဟာ ဇူလိုင် ၁ ရက် ညနေပိုင်းက တောင်ချောင်ခရိုင်၊ အာဆန်မြို့ရှိ ဖျောင်းတက်-အိုဆောင် KTX ရထားလမ်းတိုးချဲ့ရေး ယုံဝါဥမင်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေသယ်စက်ခါးပတ်ကို တကိုယ်တည်းစစ်ဆေးနေစဉ် စက်အတွင်းညပ်မိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကိုအောင်မင်းဦးဟာ စီမံကိန်းရဲ့ အဓိကကန်ထရိုက်တာ SK Ecoplant လက်အောက်ခံ LT Sambo ကုမ္ပဏီမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ အစိုးရစီမံကိန်းလုပ်ငန်းခွင်တွေမှာ အန္တရာယ်ရှိတဲ့အလုပ်တွေကို အနည်းဆုံး နှစ်ဦးတွဲလုပ်ဆောင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပေမဲ့ ဖြစ်စဉ်အချိန်မှာ သူဟာ တဦးတည်း အလုပ်လုပ်နေရတာပါ။
ဒါ့အပြင် မတော်တဆမှုဖြစ်ပွားခဲ့တဲ့ စက်ခါးပတ်မှာ အရေးပေါ်ရပ်တန့်စနစ် တပ်ဆင်ထားခြင်းမရှိဘူးလို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ကိုအောင်မင်းဦးရဲ့ ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မချင်းမိုင်မိုင်ဟာ ဇူလိုင် ၁၅ ရက်မှာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာပြီး နောက်တရက်မှာ SK Ecoplant ရုံးချုပ်ရှေ့ သတင်းစာရှင်းလင်းပွဲတက်ရောက်ကာ အမှုမှန်ဖော်ထုတ်ရေး၊ ကုမ္ပဏီဘက်က တရားဝင်တောင်းပန်ရေးနဲ့ အလားတူဖြစ်စဉ်တွေ ထပ်မံမဖြစ်ပွားရေး တောင်းဆိုခဲ့ပါတယ်။
လုပ်ငန်းခွင်မှာ လုံလောက်တဲ့လုံခြုံရေးစနစ်တွေထားရှိပြီး နှစ်ဦးတွဲအလုပ်လုပ်စေခဲ့ရင် ခင်ပွန်းဖြစ်သူ သေဆုံးမှာမဟုတ်ဘူးလို့ မချင်းမိုင်မိုင်က ပြောခဲ့ပါတယ်။ သူတို့မိသားစုမှာ ကလေးတွေရှိပြီး အငယ်ဆုံးသားဟာ ဖခင်ဖြစ်သူနဲ့ လူချင်းတွေ့ဆုံခွင့်ပင် မရခဲ့ဘူးလို့လည်း ဆိုပါတယ်။
အလုပ်သမားနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေနောက်ပိုင်း SK Ecoplant နဲ့ လက်အောက်ခံကုမ္ပဏီက မိသားစုကို တရားဝင်တောင်းပန်ပြီး တောင်ကိုရီးယားလုပ်သားတွေနဲ့ တန်းတူစံနှုန်းအတိုင်း လျော်ကြေးပေးရေး၊ လုပ်ငန်းခွင်မတော်တဆမှု ထပ်မံမဖြစ်ပွားရေးအစီအမံတွေ ချမှတ်ဖို့ သဘောတူခဲ့ပါတယ်။
K-COMWEL ကလည်း အင်ချွန်းလေဆိပ်မှာ အောက်မေ့ဖွယ်နေရာနဲ့ မိသားစုနားနေနိုင်မယ့် သီးခြားနေရာ စီစဉ်ပေးခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ကူညီပေးခဲ့ပါတယ်။ အဖွဲ့ဥက္ကဋ္ဌ ပတ်ဂျောင်ဂီက နှုတ်ဆက်ပွဲတက်ရောက်ပြီး ဝမ်းနည်းကြောင်းထောက်ပံ့ငွေကို မိသားစုဆီ ပေးအပ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ လုပ်ငန်းခွင်မတော်တဆမှုကြောင့် သေဆုံးတဲ့ နိုင်ငံခြားသားလုပ်သားတွေရဲ့ မိသားစုကို ကူညီပေးတဲ့ K-COMWEL အစီအစဉ်အောက်က ဒုတိယမြောက်အမှု ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ နိုင်ငံခြားသားလုပ်သားအရေအတွက်ဟာ ၂၀၂၂ ခုနှစ်က ၈၄၃,၀၀၀ ရှိရာကနေ ၂၀၂၅ ခုနှစ်မှာ ၁ ဒသမ ၁ သန်းအထိ တိုးလာခဲ့ပါတယ်။


