၇ မေ ၂၀၂၆ | New Day Myanmar
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဂျုံးနိုခရိုင်ရှိ ဂျိုဂယေးဘုရားကျောင်းမှာ လူသားပုံစံတူ AI စက်ရုပ်ဘုန်းကြီးတစ်ပါးကို ပထမဆုံးအကြိမ် ရဟန်းခံတဲ့ အခမ်းအနားကို မေ ၆ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
“ဂါဘီ” လို့ အမည်ပေးထားတဲ့ အဲဒီ စက်ရုပ်ဘုန်းကြီးဟာ အမြင့် ၁၃၀ စင်တီမီတာခန့်ရှိပြီး ကတုံးပုံစံဦးထုပ်ဆောင်းထားကာ ဗုဒ္ဓဘာသာသင်္ကန်းအရောင် ဝတ်ရုံနဲ့ အခမ်းအနားခန်းမထဲကို ဝင်ရောက်လာခဲ့တယ်လို့ ယွန်ဟပ်သတင်းဌာနက ဖော်ပြထားပါတယ်။
ရဟန်းခံအခမ်းအနားကို သာမန်ဗုဒ္ဓဘာသာဝင်တွေ သီလခံယူတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျင်းပခဲ့ပြီး စက်ရုပ်ဂါဘီက သံဃာတော်တွေရှေ့မှာ လက်အုပ်ချီကာ ဝန်ချတောင်းပန်တာနဲ့ အမွှေးနံ့သာ ပူဇော်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားအတွင်း သံဃာတော်တစ်ပါးက ဂါဘီရဲ့ လည်ပင်းမှာ ပုတီးလုံး ၁၀၈ လုံးပါ စိတ်ပုတီးကို ဆွဲပေးခဲ့ပြီး စက်ရုပ်ဘုန်းကြီးကလည်း လက်အုပ်ချီကာ ဂါရဝပြုခဲ့ပါတယ်။
ထူးခြားတာကတော့ ဗုဒ္ဓဘာသာ ငါးပါးသီလကို စက်ရုပ်တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်သတ်မှတ်ထားတာဖြစ်ပြီး “သက်ရှိတွေကို မထိခိုက်စေရန်” ၊ “အခြားစက်ရုပ်တွေနဲ့ ပစ္စည်းတွေကို မဖျက်ဆီးရန်” ၊ “လူသားညွှန်ကြားချက်တွေကို လေးစားလိုက်နာရန်” ၊ “လှည့်ဖြားတဲ့ အပြုအမူ မပြုရန်” နဲ့ “စွမ်းအင်ကို ချွေတာအသုံးပြုရန်” ဆိုတဲ့ စည်းမျဉ်းတွေ ပါဝင်ခဲ့ပါတယ်။
သံဃာတော်တွေရဲ့ မေးခွန်းတွေကို ဂါဘီက “ဟုတ်ကဲ့၊ မလုပ်ပါဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပြီး ဗုဒ္ဓဘာသာအတွက် ဆောင်ရွက်သွားမယ်လို့လည်း သစ္စာပြုခဲ့ပါတယ်။
အခမ်းအနားပြီးဆုံးချိန်မှာ ဂါဘီဟာ သီလခံယူပြီးကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပြီး စေတီတော်ကို လက်ယာရစ် လှည့်လည်ပူဇော်ခြင်းနဲ့ အခမ်းအနားကို အဆုံးသတ်ခဲ့ပါတယ်။
ဒါ့အပြင် ဂါဘီဟာ မေ ၁၆ ရက်နေ့မှာ ကျင်းပမယ့် ဂျုံးနိုမီးထွန်းပွဲတော် လှည့်လည်ပွဲမှာလည်း “ဆော့ဂျာ” ၊ “မိုဟီး” နဲ့ “နီဆာ” လို့ အမည်ပေးထားတဲ့ စက်ရုပ်တွေနဲ့အတူ ပါဝင်သွားမယ်လို့ သိရပါတယ်။


