Homeပြည်တွင်းသတင်းကျားဖြန့်လုပ်ငန်းမှာ အတင်းအကျပ်ခိုင်းစေပြီး လူသေဆုံးရင် သေဒဏ်ပေးမယ့်ဥပဒေ နေပြည်တော်လွှတ်တော် အတည်ပြု

ကျားဖြန့်လုပ်ငန်းမှာ အတင်းအကျပ်ခိုင်းစေပြီး လူသေဆုံးရင် သေဒဏ်ပေးမယ့်ဥပဒေ နေပြည်တော်လွှတ်တော် အတည်ပြု

၂၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လူတွေကို ဖမ်းဆီးချုပ်နှောင်၊ ညှဉ်းပန်းနှိပ်စက်ပြီး အတင်းအကျပ်လုပ်ကိုင်ခိုင်းရာကနေ လူသေဆုံးခဲ့ရင် မဖြစ်မနေသေဒဏ်ချမှတ်နိုင်မယ့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေကြမ်း ကို မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်လွှတ်တော်က ဇူလိုင် ၂၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။

ဥပဒေကြမ်းကို နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့က ပြင်ဆင်အတည်ပြုခဲ့တာလို့ လွှတ်တော်နာယက ဦးအောင်လင်းဒွေးက တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုမှာ ပြောပါတယ်။

ဥပဒေကြမ်းရဲ့ ပုဒ်မ ၄၇ အရ လူတဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်ဖို့ အတင်းအကျပ်ခိုင်းစေတဲ့ ရည်ရွယ်ချက်နဲ့ အကြမ်းဖက်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာ ဒါမှမဟုတ် လူမဆန်စွာ ပြုမူတာတွေ ကျူးလွန်ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ တသက်တကျွန်းအထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်ပါတယ်။

အဲဒီပြစ်မှုကြောင့် လူသေဆုံးခဲ့ရင်တော့ သေဒဏ်မဖြစ်မနေချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း လည်ပတ်သူတိုင်းကို သေဒဏ်ပေးမယ့်ဥပဒေ မဟုတ်ပါဘူး။ ကျားဖြန့်စခန်းကို ဦးစီးလည်ပတ်တာနဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဒါမှမဟုတ် ခရစ်ပတိုငွေကြေးအသုံးပြု လိမ်လည်တာတွေအတွက် အမြင့်ဆုံး တသက်တကျွန်းအထိ ချမှတ်နိုင်တယ်လို့ ဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

ဥပဒေအရ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မယ့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ၊ တိုင်းနဲ့ ပြည်နယ်အဆင့်ကော်မတီတွေနဲ့ ဗဟိုအဆင့် ကျားဖြန့်တိုက်ဖျက်ရေးဌာနတခုကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။

ဒါ့အပြင် အွန်လိုင်းငွေလိမ်မှုတွေနဲ့ ဆက်စပ်တဲ့ ငွေလွှဲပြောင်းမှုတွေကို ယာယီဆိုင်းငံ့တာ၊ ဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်း၊ ဆက်သွယ်ရေးကုမ္ပဏီနဲ့ အစိုးရဌာနတွေအကြား သတင်းအချက်အလက်မျှဝေတာ၊ လုပ်ငန်းသုံးပစ္စည်းနဲ့ ရရှိထားတဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဦးညွန့်ဝင်းဆွေက ဒီဥပဒေကြမ်းကို ဇွန် ၃ ရက်မှာ လွှတ်တော်ဆီတင်သွင်းခဲ့ပြီး မြန်မာနိုင်ငံမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အမြစ်မတွယ်နိုင်အောင် တားဆီးဖို့၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို နိုင်ငံခြားအစိုးရတွေနဲ့ ပူးပေါင်းတိုက်ဖျက်ဖို့ ရည်ရွယ်တယ်လို့ ပြောထားပါတယ်။

ဒါဟာ မြန်မာစစ်တပ်ကျောထောက်နောက်ခံ နေပြည်တော်အစိုးရနဲ့ စစ်တပ်လွှမ်းမိုးထားတဲ့ လွှတ်တော်က အတည်ပြုခဲ့တဲ့ ပထမဆုံးဥပဒေဖြစ်ပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ မြဝတီ၊ လောက်ကိုင်နဲ့ ထိုင်း–မြန်မာနယ်စပ်တလျှောက်မှာ အဓိကအခြေစိုက်ပြီး ကမ္ဘာတဝန်းက လူတွေကို အချစ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရစ်ပတိုငွေကြေးလိမ်လည်မှုတွေကနေ ဒေါ်လာဘီလီယံနဲ့ချီ လိမ်လည်နေကြတာပါ။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းခွင်တွေမှာ လူပေါင်း ၁၂၀,၀၀၀ အထိ လုပ်ကိုင်နေနိုင်ပြီး အများအပြားဟာ အလုပ်အကိုင်အတုတွေနဲ့ လူကုန်ကူးခံရကာ ခြိမ်းခြောက်၊ ညှဉ်းပန်းနှိပ်စက်ပြီး အွန်လိုင်းလိမ်လည်မှုတွေ လုပ်ခိုင်းခံနေရပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်နဲ့ မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေတွေမှာ ကျားဖြန့်စခန်းတွေ ဆက်လက်လည်ပတ်နေပြီး အသစ်တည်ဆောက်တာတွေပါရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံလေ့လာချက်တွေက ဖော်ပြထားပါတယ်။ ဥပဒေအသစ်ကို အဲဒီနယ်မြေတွေမှာ ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကိုတော့ နေပြည်တော်အစိုးရက အသေးစိတ်မထုတ်ပြန်သေးပါဘူး။

Related News

Most Read