၃၀ မတ် ၂၀၂၆ ၊ New Day Myanmar
ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်တစ်မြို့နယ်ထဲက အကျဉ်းထောင်မှာ အကျဉ်းသားချင်းချင်း သတ်ဖြတ်ပြီး ထောင်ဖောက်ပြေးသူ ၈ ဦးအနက် ၄ ဦးကို ဝပြည်နယ် တရားရေးဌာနက မတ်လ ၂၉ ရက်နေ့မှာ သေဒဏ်စီရင်လိုက်တယ်လို့ ဒေသအခြေစိုက် Wa News Land ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲ့ဒီ ၈ ဦးကို ဝပြည်နယ် တရားစီရင်ရေးဌာန (WSP) က ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ပန်ဆန်း (ပန်ခမ်း) မြို့ လူထုရှေ့မှောက် တရားစီရင်ရေး အခမ်းအနားမှာ အဓိကတရားခံ ၄ ဦးကို သေဒဏ်ချမှတ်ကွပ်မျက်ခဲ့သလို ၂ ဦးကို တစ်သက်တစ်ကျွန်း၊ ၁ ဦးကို ထောင်ဒဏ် ၁၅ နှစ်နဲ့ နောက် ၁ ဦးကိုတော့ ထောင်ဒဏ် ၄ နှစ် အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ဟိုပန်ခရိုင် အချုပ်ခန်းကနေ အကျဉ်းသားတွေကို နမ့်တစ်မြို့နယ် ကျွန်းသစ်တောမှာ အလုပ်ကြမ်းလုပ်ရဖို့ ခေါ်ဆောင်သွားစဉ် အဲ့ဒီ ၈ ဦးက စနစ်တကျ ကြံစည်ကာ ထောင်ဖောက်ပြေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်အတွင်းမှာ ၎င်းတို့ဟာ အကျဉ်းသားခေါင်းဆောင်ကို ဓားနဲ့ ရက်စက်စွာ ခုတ်ထစ်သတ်ဖြတ်ခဲ့တဲ့အပြင် လုံခြုံရေးရဲအရာရှိကိုလည်း ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး လက်နက်နဲ့မော်တော်ယာဉ်တွေကို ခိုးယူထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
သေဒဏ်စီရင်ခံရသူ ၄ ဦးထဲမှာ အသက် ၂၂ နှစ်အရွယ် ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်သားတစ်ဦးနဲ့ ချင်းလူမျိုးတစ်ဦးတို့ ပါဝင်တယ်လို့ သိရပြီး အရင်က ခိုးမှု၊ လုယက်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေသူတွေဖြစ်ပြီး အခုဖြစ်စဉ်ဟာ ဥပဒေစိုးမိုးရေးကို ပြင်းထန်စွာ စိန်ခေါ်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် အမြင့်ဆုံးပြစ်ဒဏ် စီရင်တာဖြစ်တယ်လို့ သိရပါတယ်။


