Homeပြည်တွင်းသတင်းကိုးကန့်ဒေသမှာ ပြစ်မှုကျူးလွန်သူတွေကို သေနတ်နဲ့ပစ်ပြီး သေဒဏ်စီရင်

ကိုးကန့်ဒေသမှာ ပြစ်မှုကျူးလွန်သူတွေကို သေနတ်နဲ့ပစ်ပြီး သေဒဏ်စီရင်

၁၄ ဇွန် ၂၀၂၆ | New Day Myanmar

ကိုးကန့်အထူးဒေသ (၁)၊ လောက်ကိုင်မြို့မှာ ဇွန်လ ၁၃ ရက် မနက်ပိုင်းက လူထုရှေ့မှောက် MNTJP/MNDAA တရားစီရင်ရေးပြုလုပ်ပြီး လူသတ်မှုအပါအဝင် ပြစ်မှုကြီး ၇ မှုနဲ့ ပတ်သက်တဲ့ စီရင်ချက်တွေကို ထုတ်ပြန်ခဲ့တယ်လို့ ကိုးကန့်သတင်းကွန်ရက်က ဖော်ပြပါတယ်။

အဲ့ဒီတရားစီရင်မှုကို လောက်ကိုင်မြို့ တုံချိန်ရပ်ကွက် အားကစားကွင်းရင်ပြင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုးကန့်အထူးဒေသ (၁) ရဲ့ ပါတီ၊ အုပ်ချုပ်ရေး၊ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးကိုယ်စားလှယ်တွေ၊ တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေ လာရောက်ကြတယ်လို့ သိရပါတယ်။

အဆိုပါတရားစီရင်မှုမှာ အထူးဒေသ တရားရုံးနဲ့ အယူခံတရားရုံးချုပ်တို့က မကြာသေးမီက စစ်ဆေးစီရင်ခဲ့တဲ့ တမင်တကာ နာကျင်စေမှု ၂ မှုနဲ့ တမင်တကာ လူသတ်မှု ၅ မှု စုစုပေါင်း ၇ မှုအတွက် စီရင်ချက်တွေကို ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ တရားခံ ၇ ဦးအနက် ၄ ဦးကို သေဒဏ်ချမှတ်ပြီး လူထုရှေ့မှာ လှည့်လည်ပြသပြီးနောက် ကွပ်မျက်ရာနေရာကို ခေါ်ဆောင်ကာ သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကျန်တရားခံတွေကိုတော့ အထူးဒေသထောင်ကို ပို့ဆောင်ပြီး ထောင်ဒဏ်တွေ ကျခံစေခဲ့တယ်လို့ ဆိုပါတယ်။

သေဒဏ်ချမှတ်ခံရပြီး ကွပ်မျက်ခံခဲ့ရသူတွေဟာ Yang Jia Jian၊ Wang An Quan၊ Zhang Tao Qing နဲ့ မောင်ဖြိုးတို့ ဖြစ်တယ်လို့ ကိုးကန့်သတင်းကွန်ရက်က ဖော်ပြထားပါတယ်။

Yang Jia Jian ကို ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခဲ့ပြီး Wang An Quan ကို မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Zhang Tao Qing ကိုတော့ ငွေကြေးအငြင်းပွားမှုနဲ့ ဆက်စပ်ပြီး လူ ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် သေဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

မောင်ဖြိုးဆိုသူကိုလည်း မူးယစ်ဆေးဝါးသုံးစွဲပြီး အသက် ၈ နှစ်အရွယ် သမီးဖြစ်သူကို သတ်ဖြတ်ခဲ့မှုအပါအဝင် ပြစ်မှုတွေနဲ့ သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခြားတရားခံ ၃ ဦးထဲက Dong Guang De ကို တမင်တကာ နာကျင်စေမှုနဲ့ ထောင်ဒဏ် ၇ နှစ်၊ Yang Shi Qi ကို တမင်တကာ နာကျင်စေမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Ma Da ဆိုသူကိုတော့ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခဲ့ပေမယ့် ပြစ်ဒဏ်ကို ၂ နှစ် ဆိုင်းငံ့ထားဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုးကန့်အထူးဒေသ တာဝန်ရှိသူတွေက အခုလို လူထုရှေ့မှောက် တရားစီရင်တာဟာ အထူးဒေသအတွင်း ဥပဒေစိုးမိုးရေး ပြန်လည်တည်ဆောက်ဖို့၊ ပြစ်မှုကျူးလွန်သူတွေကို ဟန့်တားဖို့နဲ့ ဒေသတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အထူးဒေသအတွင်း မူးယစ်ဆေးဝါး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနဲ့ လူမှုလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်လို့ ဥပဒေချိုးဖောက်သူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး