Homeပြည်တွင်းသတင်းတပ်ပြေးသွားတဲ့ လူငယ်အစား အသက် ၁၆ နှစ်အရွယ် ညီမဖြစ်သူကို အစားထိုးဖို့ MNDAA ဖိအားပေး

တပ်ပြေးသွားတဲ့ လူငယ်အစား အသက် ၁၆ နှစ်အရွယ် ညီမဖြစ်သူကို အစားထိုးဖို့ MNDAA ဖိအားပေး

၂၁ ဧပြီ ၂၀၂၆ ၊ New Day Myanmar

ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ရာ ကွမ်းလုံမြို့နယ်၊ ကောင်းကော်ရွာသစ်ရှိ “ဝ” တိုင်းရင်းသား မိသားစုတွေအပေါ် တပ်ပြေးသွားတဲ့ သားဖြစ်သူတွေအစား အသက်မပြည့်သေးသည့် ညီမဖြစ်သူကို အစားထိုးဝင်ရောက်ရန် အတင်းအကြပ် ဖိအားပေးတာမျိုး ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

အဲ့ဒီ ဖြစ်စဉ်မှာ အစောပိုင်းက တပ်ပြေးသွားတဲ့ လူငယ် ၃ ဦးရဲ့ အသက် ၆၀ အရွယ် ဖခင်ဖြစ်သူတွေကို MNDAA ဘက်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့မှာ ဖခင်ဖြစ်သူ ၂ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရှိတဲ့ အသက်မပြည့်သေးတဲ့ ညီမဖြစ်သူကို အစားထိုး စစ်မှုထမ်းဖို့ ဖိအားပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်း အစားထိုးဖို့ ဖိအားပေးခံရတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးဟာ နမ့်ဟူးမြို့မှာ တရုတ်ကျောင်းတက်ကာ ပညာသင်ကြားနေသူဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ မိသားစုထဲက အကြီးဆုံးဖြစ်သူမှာလည်း ကိုးကန့်ဒေသအတွင်း ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ထွက်ပြေးသွားတဲ့ မောင်ဖြစ်သူမှာလည်း ၃ နှစ်တိတိ တာဝန်ထမ်းဆောင်ပြီးမှ ထွက်ပြေးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ “ဝ” လူငယ် ၃ ဦးလုံးမှာ ၎င်းတို့ စတင်ဝင်ရောက်စဉ်က ၃ နှစ်ပြည့်လျှင် ထွက်စာတင်နိုင်ကြောင်း MNDAA ဘက်က ပြောဆိုခဲ့သော်လည်း လက်တွေ့မှာ ထွက်ခွင့်မရတာကြောင့် ထွက်ပြေးခဲ့ကြတာဖြစ်ပြီး အစားထိုးလူမလာမချင်း ကျန်ရှိနေတဲ့ ဖခင်တစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းကလည်း လောက်ကိုင်မြို့ကနေ နေရပ်ပြန် တိုင်းရင်းသားလူငယ် ထောင်နဲ့ချီကို အတင်းအဓမ္မ ဖမ်းဆီးခဲ့ပြီး ရှေ့တန်းတိုက်ပွဲတွေကို ပို့ဆောင်ခဲ့တဲ့ သာဓကများ ရှိခဲ့ပါတယ်။

အခု ဖြစ်စဉ်ဟာ ကလေးစစ်သား စုဆောင်းမှုနဲ့ အမျိုးသမီးငယ်တွေရဲ့ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်တာကြောင့် ဒေသခံတွေ အကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

“ကိုးကန့် လက်နက်ကိုင်တွေလုပ်ရပ်က စစ်တပ်နဲ့ မထူးမခြားဘဲ။ စစ်တပ်မှာဆို မြန်မာ့အလင်းနဲ့ ကြေးမှုံလို သတင်းစာမှာ အားလုံးကောင်းပါတယ်လို့ ဖော်ပြသလို သူတို့လော်ဘီလုပ်နေတဲ့ ကိုးကန့်သတင်းလွှာကို ကြည့်လိုက် တစ်ပုံစံတည်းပဲ။ အောက်ခြေမှာ အကျင့်ပျက်ခြစားနေတာ၊ အနိုင်ကျင့်ခံနေရတဲ့ ဌာနေတိုင်းရင်းသားတွေ အများကြီး” လို့ ကွတ်ခိုင်နဲ့ ကွမ်းလုံမြို့ပေါ်ကို ခရီးသည်တင် ပြေးဆွဲနေတဲ့ ယာဉ်မောင်းတစ်ဦးက သူသိထားသမျှ New Day Myanmar ကို မှတ်ချက်ပြုပြောပါတယ်။

ဓာတ်ပုံ – The Kokang

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး