Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး နိုင်ငံတကာက ဖိအားပေးဆောင်ရွက်ဖို့ အဖွဲ့အစည်း ၅၈ ဖွဲ့ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး နိုင်ငံတကာက ဖိအားပေးဆောင်ရွက်ဖို့ အဖွဲ့အစည်း ၅၈ ဖွဲ့ တောင်းဆို

၂၁ ဧပြီ ၂၀၂၆ | New Day Myanmar

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ထိရောက်တဲ့ ဖိအားပေးဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အဖွဲ့အစည်း ၅၈ ဖွဲ့က ဧပြီ ၂၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ဧပြီ ၂၁ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကတစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့်နေ့ဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အပြာရောင်ဝတ်စုံ ဝတ်ဆင်ကာ ဆက်တိုက် တောင်းဆိုခဲ့တဲ့နေ့အဖြစ်လည်း ထင်ရှားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လုပ်ဆောင်ပါဝင်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းဝင်တွေကို တရားမဝင် ဖမ်းဆီးချုပ်နှောင်ထားပြီး အကျဉ်းထောင်တွင်းမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား အမျိုးသား ၇၂၁၆ ဦး၊ အမျိုးသမီး ၆၃၉၄ ဦးနဲ့ ကလေးသူငယ် ၆၃၇ ဦးကို ဖမ်းဆီးအကျဉ်းချထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဧပြီလအထိ အကျဉ်းထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၇၉ ဦး သေဆုံးခဲ့ပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အရေးပေါ်ကုသခွင့် မရရှိမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဧပြီ ၁၀ ရက်နေ့ကနေ ဧပြီ ၂၁ ရက်နေ့အထိ ၁၂ ရက်တာ “Blue Shirt Campaign” ကိုလည်း ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကိုနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ထိရောက်တဲ့ ဖိအားပေးဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ စစ်တပ်ရဲ့ အတုအယောင်အစိုးရကို အသိအမှတ်မပြုဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်စေရေး လေယာဉ်ဆီရောင်းချမှုတွေကို ကန့်သတ်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ အတွက် တာဝန်ခံမှုရှိစေရေးလုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး