Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးမှာ မဟုတ်ဘူးလို့ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူပြော

ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးမှာ မဟုတ်ဘူးလို့ စစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူပြော

၃၀ ဇွန် ၂၀၂၆ | New Day Myanmar

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံနေရသူဖြစ်တာကြောင့် အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးမှာ မဟုတ်ဘူးလို့ စစ်အုပ်စုအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူဖြစ်ပါတယ်။ အဲဒီအတွက် အခုချိန်မှာ တွေ့ခွင့်မရပါဘူး။ ပြစ်ဒဏ်ကျခံပြီးသွားတဲ့အချိန်မှာတော့ တွေ့ခွင့်ရရင် ရနိုင်ပါတယ်” လို့ သူက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးဖို့ မေလ ၆ ရက်မှာ စစ်အုပ်စုကို တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကိုယ်စားလှယ်တွေ တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် စစ်အုပ်စုက ပယ်ချခဲ့တာ အခုတစ်ကြိမ်သာ မဟုတ်ပါဘူး။

၂၀၂၁ ခုနှစ်မှာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး အီရာဝမ် ယူဆွတ်ဖ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် စစ်အုပ်စုက ခွင့်မပြုခဲ့တာကြောင့် မြန်မာနိုင်ငံခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် အမှုစစ်ဆေးနေဆဲဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ပယ်ချခဲ့ပါတယ်။

အဲဒီနှစ် မေလမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံခွင့်ရရှိရေး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ပေမယ့် တွေ့ဆုံခွင့် မရခဲ့ပါဘူး။

ခြွင်းချက်အနေနဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမုဒ်ဝီနိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တစ်နာရီခန့် သီးသန့်တွေ့ဆုံခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် နိုင်ငံခြားသံတမန်တစ်ဦးနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ရှားပါးဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အာဆီယံအထူးကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ မိသားစု၊ ရှေ့နေတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာတွေ့ဆုံခွင့် မပေးသေးပါဘူး။

ဒေါ်ခိုင်ခိုင်စိုးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်ပြီး ပုံမှန်ဆေးစစ်မှုတွေ ပြုလုပ်ပေးနေတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကတော့ မိခင်ရဲ့ ကျန်းမာရေးအခြေအနေ ပိုဆိုးလာနေပြီး နှလုံးနဲ့ အရိုးပွရောဂါအပါအဝင် အသက်အရွယ်နဲ့ဆက်နွှယ်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်လို့ သတင်းရရှိထားကြောင်း Kyodo News ကို ပြောထားပါတယ်။

စစ်အုပ်စုက ဧပြီလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်ကို လျှော့ပေါ့ပြီး သတ်မှတ်ထားတဲ့နေအိမ်တစ်ခုကို ပြောင်းရွှေ့ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ သူကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာနဲ့ ကျန်းမာရေးအခြေအနေကို မိသားစု၊ ရှေ့နေ ဒါမှမဟုတ် လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့တစ်ခုက အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most Read