Homeပြည်တွင်းသတင်းအာဆီယံဟာ မြန်မာ စစ်အာဏာရှင်ကို တရားဝင်မှု ပေးသလိုဖြစ်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ ဝေဖန်

အာဆီယံဟာ မြန်မာ စစ်အာဏာရှင်ကို တရားဝင်မှု ပေးသလိုဖြစ်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ ဝေဖန်

၁၅ ဇူလိုင် ၂၀၂၆ | New Day Myanmar

အာဆီယံအနေနဲ့ မြန်မာစစ်အုပ်စုခန့်အပ်ထားတဲ့ နေပြည်တော်အစိုးရနဲ့ အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံရေး (calibrated re-engagement)လုပ်ဆောင်ဖို့ ရွေ့လျားလာတာဟာ မြန်မာပြည်သူတွေအတွက် အကျိုးရှိတဲ့ ရလဒ်တစ်စုံတစ်ရာ မရရှိဘဲ စစ်အာဏာရှင်ကို ပုံမှန်အစိုးရတစ်ရပ်အဖြစ် လက်ခံရာရောက်နိုင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က ဇူလိုင် ၁၅ ရက်မှာ သတိပေးလိုက်ပါတယ်။

အင်ဒိုနီးရှားလွှတ်တော်အမတ်နဲ့ APHR ဥက္ကဋ္ဌ Mercy Chriesty Barends က “ဒါကို အာဆီယံက တိုးတက်မှုလို့ မခေါ်နိုင်ပါဘူး။ တွေ့မြင်နေရတာက သံတမန်စကားလုံးတွေနဲ့ ဖုံးကွယ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ပုံမှန်ဖြစ်အောင် လုပ်ဆောင်နေတာပါ။ ငါးနှစ်ကြာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်အုပ်စုကို တာဝန်ခံခိုင်းတာမရှိဘဲ ဆွေးနွေးပွဲစားပွဲဝိုင်းမှာ နေရာပေးလိုက်တာသာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

APHR က ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပခဲ့တဲ့ မကြာသေးခင် အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ ယုံကြည်မှုတည်ဆောက်ရေးနဲ့ အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံရေး ဆိုတဲ့ အသုံးအနှုန်းတွေဟာ အာဆီယံက မြန်မာအရေးအတွက် အဓိကကိုးကားချက်အဖြစ် ဆက်လက်ညွှန်းဆိုနေတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) နဲ့ ဆန့်ကျင်နေတယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် နေပြည်တော်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကို ပြန်လည်သုံးသပ်ဖို့ အဆိုအတည်ပြုခဲ့တာဟာ အာဆီယံက အဓိကမူဘောင်အဖြစ် ဆက်လက်ကိုင်စွဲထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကို တိုက်ရိုက်ငြင်းပယ်တဲ့ သဘောဖြစ်တယ်လို့လည်း APHR က ဆိုပါတယ်။

တစ်ဖက်မှာ စင်ကာပူနဲ့ မလေးရှားတို့က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ကို ဆက်လက်ထောက်ခံကြောင်း လူသိရှင်ကြား ထပ်မံအတည်ပြုခဲ့တာဟာ မြန်မာအရေးအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြသနေတယ်လို့ APHR က သုံးသပ်ပါတယ်။

APHR က အာဆီယံအနေနဲ့ နေပြည်တော်အစိုးရနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမယ်ဆိုရင် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ ဒီမိုကရေစီအင်အားစုတွေအပါအဝင် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အတားအဆီးမရှိ ပေးပို့နိုင်ရေးဆိုတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ရဲ့ အဓိကကတိကဝတ်တွေအပေါ် အခြေခံပြီးသာ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားပါတယ်။

Related News

Most Read