Homeပြည်တွင်းသတင်းမြန်မာ့အရေးဆွေးနွေးပွဲ မနီလာမှာ ထပ်မံကျင်းပမည်၊ စစ်အုပ်စုကို ဖိတ်မည်မဟုတ်

မြန်မာ့အရေးဆွေးနွေးပွဲ မနီလာမှာ ထပ်မံကျင်းပမည်၊ စစ်အုပ်စုကို ဖိတ်မည်မဟုတ်

၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက လာမယ့်သီတင်းပတ် မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အလွတ်သဘော တိုးချဲ့ဆွေးနွေးပွဲကို ထပ်မံကျင်းပသွားမှာဖြစ်ပြီး စစ်အုပ်စုဘက်က ကိုယ်စားလှယ်ကို အဲဒီဆွေးနွေးပွဲမှာ ပါဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အဆိုပါ ဆွေးနွေးပွဲမှာ အာဆီယံဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus – 5PC) အကောင်အထည်ဖော်ရေးနဲ့ မြန်မာ့အရေး ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်တွေကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ Dax Imperial က “လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် ဒီအလွတ်သဘောဆွေးနွေးပွဲက အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာ အခုလေးတင်ပြီးဆုံးခဲ့တဲ့ ဆွေးနွေးပွဲရလဒ်တွေက လာမယ့်သီတင်းပတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးမှုအတွက် အခြေခံဖြစ်လာမှာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် “ဒီတွေ့ဆုံဆွေးနွေးမှုတွေအပြီးမှာ ဘာတွေဆက်လုပ်မလဲ၊ ရှေ့ဆက်မယ့် လမ်းကြောင်းက ဘာဖြစ်မလဲဆိုတာကို လာမယ့်အစည်းအဝေးမှာ မြင်တွေ့ရဖို့ မျှော်လင့်ထားပါတယ်” လို့လည်း သူက ဆိုပါတယ်။

အခုကျင်းပမယ့် ဆွေးနွေးပွဲဟာ ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စစ်အုပ်စုခန့် နေပြည်တော်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ အစည်းအဝေးနောက်ဆက်တွဲအဖြစ် ကျင်းပတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံကို အာဆီယံအတွင်း တဖြည်းဖြည်း ပြန်လည်ပူးပေါင်းဆောင်ရွက်လာနိုင်ရေးအတွက် အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံရေး (calibrated re-engagement) မူဝါဒကို ကျင့်သုံးသွားမယ်လို့ မကြာသေးခင်က ကြေညာထားပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကတော့ မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံဘုံသဘောတူညီချက် (၅) ချက်ဟာ အဓိကကိုးကားရမယ့် မူဘောင်အဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ထပ်မံအတည်ပြုခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုကို အာဆီယံထိပ်သီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဝန်ကြီးအဆင့်အစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားပြုအဖြစ် တက်ရောက်ခွင့်မပြုတော့ဘဲ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်သာ စေလွှတ်ခွင့်ပြုထားပါတယ်။

Related News

Most Read