ဩဂုတ် ၃၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်း အပြည့်အဝ ပြန်လည်ပါဝင်လာစေချင်ပေမယ့် မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကိုသာ အဓိကမူဘောင်အဖြစ် ဆက်လက်အသုံးပြုသွားမယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ကာအို ကင်ဟွန်း (Kao Kim Hourn) က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ ၁၀ ကြိမ်မြောက် အာဆီယံမီဒီယာဖိုရမ်အတွင်း မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ အာဆီယံအတွင်းရေးမှူးချုပ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိကကိုးကားရာအဖြစ် ဆက်လက်ထားရှိနေပါတယ်” လို့ ကာအို ကင်ဟွန်းက ပြောပြီး မြန်မာ့အကျပ်အတည်း အဆုံးသတ်သွားရေးနဲ့ မြန်မာနိုင်ငံ အာဆီယံအတွင်း အပြည့်အဝ ပြန်လည်ပေါင်းစည်းလာရေးကို လိုလားတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အရပ်သားအစိုးရကို အာဏာသိမ်းခဲ့ပြီးနောက် အာဆီယံက စစ်အုပ်စုရဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအဝေးတွေနဲ့ အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိနေပြီး အဖွဲ့ဝင်နိုင်ငံတွေက နှစ်စဉ်ထည့်ဝင်ရတဲ့ ငွေကြေးကိုလည်း ဆက်လက်ပေးသွင်းနေတယ်လို့ ကာအို ကင်ဟွန်းက အတည်ပြုထားပါတယ်။
၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ထရီဆာ လာဇာရိုကလည်း ဒီနှစ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ်အဖြစ် သွားရောက်ဖို့ စီစဉ်ထားပါတယ်။
အဲဒီခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ထားတယ်လို့ လာဇာရိုက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ရင် မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ ထိရောက်မှုမရှိဘူးလို့ ဝေဖန်ခံနေရတဲ့ အာဆီယံအတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှု ပြန်လည်ရရှိစေနိုင်မယ်လို့လည်း သူက ဆိုပါတယ်။
တဖက်မှာလည်း စစ်တပ်က စီမံကျင်းပခဲ့တဲ့ အငြင်းပွားဖွယ် ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ဟာ သူ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ခွဲခြားဆက်ဆံနေတယ်လို့ စွပ်စွဲထားပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲ ကျင်းပရေး၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးတို့ ပါဝင်ပါတယ်။


