Homeပြည်တွင်းသတင်းဘန်ကောက်မှာ အသက် ၇၉ နှစ်အရွယ် ကုန်စုံဆိုင်ရှင်ကို သတ်ပြီး ပစ္စည်းလုယူတယ်ဆိုတဲ့ မြန်မာအမျိုးသားကို ရဲလိုက်လံရှာဖွေ

ဘန်ကောက်မှာ အသက် ၇၉ နှစ်အရွယ် ကုန်စုံဆိုင်ရှင်ကို သတ်ပြီး ပစ္စည်းလုယူတယ်ဆိုတဲ့ မြန်မာအမျိုးသားကို ရဲလိုက်လံရှာဖွေ

ဩဂုတ် ၂၅၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဆဖန်ဆုန်ခရိုင်က ကုန်စုံဆိုင်တစ်ဆိုင်မှာ အသက် ၇၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ငရုတ်ကျည်ပွေ့နဲ့ ရိုက်သတ်ပြီး ငွေကြေးနဲ့ ဖုန်းကို ယူဆောင်ထွက်ပြေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသားအမျိုးသားတစ်ဦးကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းရဲတပ်ဖွဲ့က ပြင်ဆင်နေပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၂၃ ရက်ညက ဘန်ကောက်မြို့၊ ဆဖန်ဆုန်ခရိုင်၊ ထပ်ချန်းဒေသ၊ Nak Keela Laem Thong 40/1 လမ်းက နေအိမ်တစ်လုံးမှာ ဖြစ်ပွားခဲ့တာပါ။ နေအိမ်ရှေ့ပိုင်းကို ကုန်စုံဆိုင်အဖြစ် ဖွင့်ထားပြီး သေဆုံးသူဟာ အသက် ၇၉ နှစ်အရွယ် ဆိုင်ပိုင်ရှင်ဖြစ်ပါတယ်။

ရဲတွေက ဩဂုတ် ၂၄ ရက် မနက်ပိုင်းမှာ နေအိမ်ထဲ ဝင်ရောက်စစ်ဆေးရာ သေဆုံးသူကို အောက်ထပ်မီးဖိုခန်းထဲမှာ ဦးခေါင်းဒဏ်ရာပြင်းထန်စွာနဲ့ တွေ့ရှိခဲ့ပြီး အနီးမှာ သွေးစွန်းနေတဲ့ ငရုတ်ကျည်ပွေ့ကျိုးတစ်ချောင်း ကို တွေ့ခဲ့ပါတယ်။ နေအိမ်အတွင်း ပစ္စည်းတွေ မွှေနှောက်ထားတဲ့ အခြေအနေရှိသလို ငွေကြေးနဲ့ မိုဘိုင်းဖုန်း ပျောက်ဆုံးနေတယ်လို့ ရဲဘက်က စုံစမ်းနေပါတယ်။

CCTV မှတ်တမ်းတွေအရ သံသယရှိသူဟာ ဩဂုတ် ၂၃ ရက် ည ၁၀ နာရီကျော်ကတည်းက အခင်းဖြစ်နေရာအနီး လမ်းတွေထဲ လှည့်လည်နေခဲ့ပြီး ည ၁၁ နာရီ ၉ မိနစ်ဝန်းကျင်မှာ နေအိမ်ရှေ့ကို ရောက်လာခဲ့ပါတယ်။ ည ၁၁ နာရီ ၅၆ မိနစ်ဝန်းကျင်မှာတော့ အပြာရောင်လက်ရှည်အင်္ကျီနဲ့ ဦးထုပ်ဝတ်ထားတဲ့ အမျိုးသားတစ်ဦး ဆိုင်ပြတင်းပေါက်ကနေ အတွင်းကို တက်ဝင်သွားတာ CCTV မှတ်တမ်းမှာ တွေ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဩဂုတ် ၂၄ ရက် မနက် ၂ နာရီ ၄၅ မိနစ်ဝန်းကျင်မှာလည်း အခင်းဖြစ်နေရာနောက်ဘက် မီတာ ၅၀၀ ခန့်အကွာ CCTV မှတ်တမ်းမှာ အလားတူအမျိုးသားတစ်ဦး တစ်ယောက်တည်း လမ်းလျှောက်သွားတာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က CCTV မှတ်တမ်း၊ နယ်မြေသတင်းအချက်အလက်နဲ့ စုံစမ်းမှုတွေကို အခြေခံပြီး သံသယရှိသူကို မြန်မာနိုင်ငံသားအမျိုးသား လို့ ဖော်ထုတ်ထားပြီး ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးနိုင်ဖို့ အရှိန်မြှင့်ရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

CCTV မှတ်တမ်းတချို့မှာ သံသယရှိသူနောက်က အခြားအမျိုးသားတစ်ဦးလည်း အနီးတဝိုက် လှည့်လည်နေခဲ့တာ တွေ့ရလို့ အမှုမှာ ပူးပေါင်းပါဝင်သူ ရှိ၊ မရှိကိုလည်း ရဲဘက်က စုံစမ်းနေပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသားဟာ အမှုနဲ့ တကယ်ဆက်စပ်တယ်လို့ အခုချိန်အထိ အတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာ အဆိုပါမြန်မာနိုင်ငံသား ဆိုသူကို သံသယရှိသူအဖြစ်သာ ရဲဘက်က ဖော်ထုတ်ထားပြီး အပြစ်ရှိကြောင်း တရားရုံးက အပြီးသတ်ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။

Related News

Most Read