Homeအထူးသတင်းထိုင်ဝမ် မြေတစ်လက်မတောင် လက်လွှတ်မှာ မဟုတ်ဘူးလို့ တရုတ်နဲ့ စစ်ဖြစ်ခဲ့တဲ့ ၆၈ နှစ်ပြည့်နေ့မှာ ထိုင်ဝမ်သမ္မတပြော

ထိုင်ဝမ် မြေတစ်လက်မတောင် လက်လွှတ်မှာ မဟုတ်ဘူးလို့ တရုတ်နဲ့ စစ်ဖြစ်ခဲ့တဲ့ ၆၈ နှစ်ပြည့်နေ့မှာ ထိုင်ဝမ်သမ္မတပြော

ဩဂုတ် ၂၃၊ ၂၀၂၆ | New Day Myanmar

တရုတ်နဲ့ ထိုင်ဝမ်တို့ အကြီးစားစစ်ရေးတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၉၅၈ ခုနှစ် ထိုင်ဝမ်ရေလက်ကြား အကျပ်အတည်း ၆၈ နှစ်ပြည့်နေ့မှာ ငြိမ်းချမ်းရေးကို အင်အားနဲ့သာ အာမခံနိုင်ပြီး ထိုင်ဝမ်ရဲ့ မြေတစ်လက်မတောင် လက်လွှတ်မှာ မဟုတ်ဘူး လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် (Lai Ching-te) က ပြောလိုက်ပါတယ်။

လိုင်ချင်းတယ်က ဒီနေ့ ဩဂုတ် ၂၃ ရက်မှာ တရုတ်ကမ်းခြေကနေ အနီးဆုံးနေရာမှာ ၂ ကီလိုမီတာလောက်သာ ကွာဝေးတဲ့ ကင်မင်ကျွန်း (Kinmen) ကို သွားရောက်ပြီး ၁၉၅၈ ခုနှစ် တိုက်ပွဲ ၆၈ နှစ်ပြည့် အခမ်းအနား တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မိုးသည်းထန်စွာ ရွာနေချိန်မှာ အောက်မေ့ဖွယ်နေရာမှာ ပန်းခွေချပြီး စစ်မှုထမ်းဟောင်းတွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။

လိုင်က ၁၉၅၈ ခုနှစ် တိုက်ပွဲမှာ တရုတ်ကွန်မြူနစ်တပ်တွေရဲ့ တိုက်ခိုက်မှုကို ခုခံခဲ့သူတွေကို ဂုဏ်ပြုပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ဆုံးဖြတ်ချက် မယိမ်းယိုင်ရဘူး လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးက ကောင်းကင်ပေါ်ကနေ ဒီအတိုင်း ကျလာတာ မဟုတ်ပါဘူး” လို့ လိုင်က ပြောပြီး ၁၉၅၈ ခုနှစ် တိုက်ပွဲက ငြိမ်းချမ်းရေးကို အင်အားနဲ့ ရယူရတယ် ဆိုတာ သက်သေပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိုင်ဝမ်၊ ကင်မင်နဲ့ တခြားကျွန်းတွေရဲ့ နယ်မြေ “တစ်လက်မတောင် လက်မလွှတ်ဘူး” ဆိုတဲ့ စိတ်ဓာတ်ကို ထိန်းထားပြီး ကာကွယ်ရေးအသုံးစရိတ်ကို ဆက်တိုးဖို့ လိုတယ်လို့လည်း ပြောပါတယ်။

၁၉၅၈ ခုနှစ် ဩဂုတ် ၂၃ ရက်မှာ တရုတ်ပြည်မကြီးဘက်က ကင်မင်နဲ့ မတ်ဆု (Matsu) ကျွန်းတွေကို အမြောက်တွေနဲ့ အပြင်းအထန် စတင်ပစ်ခတ်ခဲ့ပြီး တစ်လကျော်ကြာ ရေတပ်နဲ့ လေတပ်တိုက်ပွဲတွေပါ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို ဒုတိယ ထိုင်ဝမ်ရေလက်ကြား အကျပ်အတည်း (Second Taiwan Strait Crisis) လို့ ခေါ်ပြီး တရုတ်နဲ့ ထိုင်ဝမ်တပ်တွေ နောက်ဆုံးအကြိမ် အကြီးစားတိုက်ပွဲဖြစ်ခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

အဲဒီအချိန်မှာ အမေရိကန်က ထိုင်ဝမ်ဘက်ကို စစ်ရေးအကူအညီပေးခဲ့ပြီး နောက်ဆုံးမှာ တစ်ဖက်နဲ့တစ်ဖက် အနိုင်မရဘဲ အခြေအနေတည်ငြိမ်သွားခဲ့ပါတယ်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်မှာ မော်စီတုန်းရဲ့ ကွန်မြူနစ်တပ်တွေ အနိုင်ရပြီး တရုတ်သမ္မတနိုင်ငံအစိုးရ ထိုင်ဝမ်ဘက် ဆုတ်ခွာခဲ့တဲ့နောက် ကင်မင်နဲ့ မတ်ဆုကျွန်းတွေကို ထိုင်ဝမ်က ဆက်လက်ထိန်းချုပ်ထားပါတယ်။ နှစ်ဖက်ကြား ငြိမ်းချမ်းရေးစာချုပ် ဒါမှမဟုတ် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုတော့ ယနေ့အထိ လက်မှတ်မထိုးထားပါဘူး။

တရုတ်က ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံးပြီး ပြန်လည်ပေါင်းစည်းနိုင်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ရှိပါတယ်။ လိုင်ချင်းတယ်ကိုလည်း ခွဲထွက်ရေးသမား လို့ တရုတ်ဘက်က အကြိမ်ကြိမ် စွပ်စွဲထားပါတယ်။ လိုင်ကတော့ တရုတ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု အဆိုကို ပယ်ချပြီး ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်ပြည်သူတွေပဲ ဆုံးဖြတ်နိုင်တယ် လို့ ပြောထားသလို ဘေဂျင်းနဲ့ ဆွေးနွေးဖို့လည်း ကမ်းလှမ်းထားပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ဟာ ၂၀၂၄ ခုနှစ်အစောပိုင်းကစပြီး ကင်မင်ပတ်ဝန်းကျင်က ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ရေပြင်မှာ ဥပဒေစိုးမိုးရေးကင်းလှည့်မှု တွေ ပုံမှန်လုပ်ဆောင်လာတာကို ထိုင်ဝမ်ဘက်က ကန့်ကွက်နေပါတယ်။ လိုင်ကတော့ တရုတ်ဟာ ၆၈ နှစ်အတွင်း ပြင်ပကို ချဲ့ထွင်လိုတဲ့ ရည်မှန်းချက်ကို တစ်ရက်တောင် မရပ်ခဲ့ဘူး လို့ စွပ်စွဲပြီး ဒါဟာ အင်ဒို-ပစိဖိတ်ဒေသအတွင်း မတည်ငြိမ်မှု ဖြစ်စေတယ်လို့ ပြောပါတယ်။

ထိုင်ဝမ်အစိုးရကလည်း တရုတ်ရဲ့ စစ်ရေးဖိအားကို တုံ့ပြန်ဖို့ ၂၀၂၇ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ကို ထိုင်ဝမ်ဒေါ်လာ ၁ ထရီလျံကျော်အထိ တိုးမြှင့်ဖို့ စီစဉ်ထားပြီး ထိုင်ဝမ်သမိုင်းမှာ ပထမဆုံးအကြိမ် အဲဒီပမာဏကျော်လွန်မှာ ဖြစ်ပါတယ်။ လိုင်က ဒီကာကွယ်ရေးဘတ်ဂျက်ကို လွှတ်တော်ဘက်က အပြည့်အဝ ထောက်ခံပေးဖို့လည်း ကင်မင်အခမ်းအနားမှာ တောင်းဆိုခဲ့ပါတယ်။

ဒီအခမ်းအနားမတိုင်ခင် တစ်ရက်ကလည်း အမေရိကန်ရေတပ်ရဲ့ P-8A Poseidon ကင်းထောက်လေယာဉ်တစ်စင်း ထိုင်ဝမ်ရေလက်ကြားပေါ်က နိုင်ငံတကာလေပိုင်နက်ကို ဖြတ်သန်းပျံသန်းခဲ့ပြီး တရုတ်စစ်တပ်က တစ်လျှောက်လုံး ခြေရာခံစောင့်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်-ထိုင်ဝမ်နဲ့ အမေရိကန်တို့ကြား စစ်ရေးတင်းမာမှု ဆက်ရှိနေချိန်မှာပဲ ၁၉၅၈ စစ်ပွဲနှစ်ပတ်လည် ကျရောက်လာတာ ဖြစ်ပါတယ်။

လိုင်ချင်းတယ်ရဲ့ ဒီနေ့ပြောဆိုချက်အပေါ် တရုတ်နိုင်ငံ တိုင်ဝမ်ရေးရာရုံးကတော့ Reuters ရဲ့ မှတ်ချက်တောင်းခံမှုကို ချက်ချင်းတုံ့ပြန်ထားတာ မရှိသေးပါဘူး။

Related News

Most Read