Homeနိုင်ငံတကာသတင်းထိုင်ဝမ်က တရုတ်ရဲ့ အစိတ်အပိုင်းမဖြစ်စေရဘူးလို့ ထိုင်ဝမ်သမ္မတ ပြော

ထိုင်ဝမ်က တရုတ်ရဲ့ အစိတ်အပိုင်းမဖြစ်စေရဘူးလို့ ထိုင်ဝမ်သမ္မတ ပြော

၂၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

ထိုင်ဝမ်ဟာ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းထားတဲ့ နိုင်ငံတစ်ခုအဖြစ် ဆက်လက်ရပ်တည်ရမှာဖြစ်ပြီး “တရုတ်ရဲ့ ထိုင်ဝမ်” အဖြစ် ဘယ်တော့မှ မဖြစ်စေရဘူးလို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တဲ (Lai Ching-te) က ဇူလိုင် ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ရဲ့ နှစ်ပတ်လည်ညီလာခံမှာ ပြောကြားရာမှာ သမ္မတ လိုင်ချင်တဲက တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းမှုတွေကို ဆန့်ကျင်ကာ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီစနစ်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်သွားရမယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်က ပြဋ္ဌာန်းထားတဲ့ “အမျိုးသားပြန်လည်ပေါင်းစည်းရေးဥပဒေ” ကို အသုံးပြုပြီး ထိုင်ဝမ်အပေါ် ဥပဒေကြောင်းအရ ဖိအားပေးဖို့ ကြိုးပမ်းနိုင်တာကြောင့် သတိထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

သမ္မတ လိုင်ချင်တဲက ထိုင်ဝမ်ဟာ “တရုတ်သမ္မတနိုင်ငံ (Republic of China)” အဖြစ် ရပ်တည်နေတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လက်အောက်ခံမဟုတ်ကြောင်း ထပ်မံအလေးပေး ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ရမှာဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ ဆန္ဒသာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ်အစိုးရကတော့ ထိုင်ဝမ်ကို ၎င်းရဲ့ နယ်မြေအစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး ပြန်လည်ပေါင်းစည်းမယ်လို့ အကြိမ်ကြိမ် ပြောဆိုထားပါတယ်။ ထိုင်ဝမ်သမ္မတ လိုင်ချင်တဲ တာဝန်ယူပြီးနောက်ပိုင်းမှာလည်း ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုတွေနဲ့ စစ်ရေးဖိအားတွေကို ဆက်တိုက် တိုးမြှင့်လုပ်ဆောင်နေပါတယ်။

လက်ရှိမှာ တရုတ်နဲ့ ထိုင်ဝမ်ကြား နိုင်ငံရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေပြီး နှစ်ဖက်ကြား တရားဝင်ဆွေးနွေးမှုတွေကတော့ ရပ်တန့်နေဆဲ ဖြစ်ပါတယ်။

Related News

Most Read