Homeဆောင်းပါးစတီဗင်လော ပါလာတဲ့ ပေကျင်းခရီး — မြစ်ဆုံပြန်စရေးနောက်က အကျိုးစီးပွား

စတီဗင်လော ပါလာတဲ့ ပေကျင်းခရီး — မြစ်ဆုံပြန်စရေးနောက်က အကျိုးစီးပွား

မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ အေးရှားဝေါလ်ကုမ္ပဏီဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော ပါဝင်လာတာဟာ သာမန်စီးပွားရေးကိုယ်စားလှယ်တစ်ဦး လိုက်ပါလာတာထက် ပိုမိုအဓိပ္ပာယ်ရှိနေပါတယ်။

စတီဗင်လောဟာ တရုတ်နိုင်ငံနဲ့ နှစ်ရှည်စီးပွားရေးဆက်ဆံရေးရှိသူဖြစ်သလို ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားတဲ့ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှာလည်း တိုက်ရိုက်အကျိုးစီးပွားရှိနေသူ ဖြစ်ပါတယ်။

အခုတရုတ်ခရီးစဉ်အတွင်း ပြုလုပ်တဲ့ ဆွေးနွေးမှုတွေမှာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးကိစ္စ ပါဝင်တယ်လို့ စစ်အုပ်စုနဲ့ စီးပွားရေးအသိုင်းအဝိုင်းအကြား ဆက်သွယ်မှုရှိတဲ့ New Day Myanmar ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဒီတရုတ်ခရီးစဉ်ထဲမှာ မြစ်ဆုံပြန်စဖို့ကိစ္စ ပါတယ်” လို့ အဲဒီရင်းမြစ်က အခိုင်အမာ ပြောပါတယ်။

နှစ်နိုင်ငံက လူသိရှင်ကြားထုတ်ပြန်ထားတဲ့ ကြေညာချက်တွေနဲ့ သဘောတူညီချက်တွေထဲမှာတော့ မြစ်ဆုံစီမံကိန်းကို အမည်တပ်ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ခရီးစဉ်လိုက်ပါသူတွေ၊ စစ်အုပ်စုရဲ့ မြစ်ဆုံဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးမယ်ဆိုတဲ့ အာမခံချက်တွေကို ဆက်စပ်ကြည့်ရင် မြစ်ဆုံပြန်စရေးအတွက် နောက်ကွယ်ကညှိနှိုင်းမှုတွေ ရှိနေပြီလားဆိုတဲ့ မေးခွန်း ပိုမိုခိုင်မာလာပါတယ်။

ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစုတွေထဲက တစ်ခုဖြစ်တဲ့ အေးရှားဝေါလ်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။

အေးရှားဝေါလ်ဟာ လမ်းနဲ့ တံတား၊ ဆိပ်ကမ်း၊ လေဆိပ်၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေ၊ ဆောက်လုပ်ရေးနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေအထိ ကျယ်ပြန့်စွာ လုပ်ကိုင်လာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

စတီဗင်လောရဲ့ ဖခင် လော်စစ်ဟန်ကို နိုင်ငံတကာအစီရင်ခံစာတွေနဲ့ အမေရိကန်အာဏာပိုင်တွေက မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ဆက်နွှယ်ခဲ့သူ၊ မြန်မာစစ်အစိုးရတွေနဲ့ နီးစပ်ခဲ့သူအဖြစ် ဖော်ပြခဲ့ကြပါတယ်။

အမေရိကန်အစိုးရက ၂၀၀၈ ခုနှစ်မှာ စတီဗင်လော၊ လော်စစ်ဟန်၊ အေးရှားဝေါလ်နဲ့ ဆက်နွှယ်ကုမ္ပဏီတွေကို စစ်အစိုးရအား ငွေကြေးနဲ့ ပစ္စည်းပိုင်းဆိုင်ရာ ထောက်ပံ့ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ဆို့အရေးယူခဲ့ပါတယ်။ အဲဒီပိတ်ဆို့မှုတွေကိုတော့ အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့မှုအစီအစဉ် ရုပ်သိမ်းခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ ဖယ်ရှားခဲ့ပါတယ်။

စတီဗင်လောဟာ ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းလုပ်ငန်းနဲ့လည်း ဆက်နွှယ်ခဲ့ဖူးတယ်လို့ Global Witness ရဲ့ စုံစမ်းဖော်ထုတ်ချက်မှာ ပါရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ ကချင်ပြည်နယ်အတွင်း အကျိုးစီးပွားဟာ မြစ်ဆုံစီမံကိန်းတစ်ခုတည်းနဲ့ ကန့်သတ်မထားဘဲ သဘာဝသယံဇာတနဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေအထိ ကျယ်ပြန့်ခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်းဟာ တရုတ်နိုင်ငံပိုင် China Power Investment Corporation—နောက်ပိုင်း State Power Investment Corporation၊ SPIC ဖြစ်လာတဲ့ ကုမ္ပဏီက ဦးဆောင်တဲ့ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် ရေအားလျှပ်စစ်စီမံကိန်း ဖြစ်ပါတယ်။

မူလအစုရှယ်ယာဖွဲ့စည်းပုံအရ တရုတ် CPI က ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ အေးရှားဝေါလ်က ငါးရာခိုင်နှုန်း ပိုင်ဆိုင်ဖို့ စီစဉ်ထားပါတယ်။

CPI၊ မြန်မာအစိုးရပိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနဲ့ အေးရှားဝေါလ်တို့ဟာ ၂၀၀၉ ခုနှစ်မှာ မြစ်ဆုံနဲ့ မြစ်ညာပိုင်း ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဖက်စပ်ကုမ္ပဏီ တည်ထောင်ခဲ့ကြပါတယ်။

ISP Myanmar China Desk ရဲ့ စုစည်းချက်မှာ အေးရှားဝေါလ်က အစုရှယ်ယာ ငါးရာခိုင်နှုန်းအပြင် အကျိုးဆောင်ခ ၁၀ ရာခိုင်နှုန်း ရရှိမယ့် အစီအစဉ်ရှိတယ်လို့ နိုင်ငံတကာမြစ်ကြောင်းများအဖွဲ့ရဲ့ အချက်အလက်ကို ကိုးကားဖော်ပြထားပါတယ်။ ဒါပေမဲ့ မူရင်းစာချုပ်အပြည့်အစုံကို အများပြည်သူထံ မထုတ်ပြန်ထားတဲ့အတွက် အသေးစိတ်အကျိုးအမြတ်ခွဲဝေမှုမှာ ပွင့်လင်းမြင်သာမှု မရှိသေးပါဘူး။

အေးရှားဝေါလ်ဟာ အစုရှယ်ယာရှင်တစ်ဦးသာမက ပြည်တွင်းကန်ထရိုက်တာနဲ့ အကောင်အထည်ဖော်ရေးမိတ်ဖက်လည်း ဖြစ်ခဲ့ပါတယ်။ စီမံကိန်းကြောင့် နေရပ်ရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေအတွက် အစားထိုးကျေးရွာတွေ တည်ဆောက်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် မြစ်ဆုံပြန်စမယ်ဆိုရင် အေးရှားဝေါလ်က အစုရှယ်ယာအမြတ်အပြင် ဆောက်လုပ်ရေး၊ လမ်းနဲ့ တံတား၊ သယ်ယူပို့ဆောင်ရေး၊ ပစ္စည်းတင်သွင်းရေး၊ မြေယာဖော်ဆောင်ရေးနဲ့ တခြားဆက်စပ်ကန်ထရိုက်တွေကနေလည်း အကျိုးအမြတ်ရနိုင်ပါတယ်။

မြစ်ဆုံလို စီမံကိန်းကို ပြန်စဖို့ နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

မူလစာချုပ်၊ အစုရှယ်ယာနဲ့ အကျိုးအမြတ်ခွဲဝေမှု၊ ထုတ်လုပ်မယ့်လျှပ်စစ်ကို ဘယ်သူအသုံးပြုမလဲဆိုတာ၊ ဆည်ဒီဇိုင်းနဲ့ အရွယ်အစား၊ ဒေသခံနစ်နာကြေး၊ လုံခြုံရေးနဲ့ ဆောက်လုပ်ရေးကန်ထရိုက်တွေကို ပြန်ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ မူလစီမံကိန်းထဲ ပါဝင်ထားပြီး တရုတ်ကုမ္ပဏီတွေ၊ စစ်အစိုးရအဆက်ဆက်နဲ့ စီးပွားရေးဆက်ဆံရေးရှိတဲ့ စတီဗင်လောဟာ အရေးပါတဲ့ ကြားခံနဲ့ အကောင်အထည်ဖော်ရေးမိတ်ဖက် ဖြစ်လာနိုင်ပါတယ်။

မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ လျှပ်စစ်၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးတွေအပြင် ကချင်နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တွေ ပါဝင်လာတာကိုလည်း ဆက်စပ်စဉ်းစားစရာရှိပါတယ်။

ကချင်ဝန်ကြီးချုပ်ရဲ့ ပါဝင်မှုဟာ နယ်စပ်ကုန်သွယ်ရေးနဲ့ တခြားတရုတ်စီမံကိန်းတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် မြစ်ဆုံပြန်စမယ်ဆိုရင် လိုအပ်လာမယ့် ဒေသအုပ်ချုပ်ရေး၊ မြေယာ၊ လုံခြုံရေးနဲ့ လူထုဆက်ဆံရေးလုပ်ငန်းတွေကို ကချင်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ မပါဘဲ ဆောင်ရွက်လို့ မရနိုင်ပါဘူး။

စစ်အုပ်စုက ၂၀၂၄ ခုနှစ်မှာ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းပြီး တရုတ် SPIC Yunnan နဲ့ ပူးပေါင်းကာ နည်းပညာ၊ သုတေသနနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့ပါတယ်။

မင်းအောင်လှိုင်ကလည်း မြစ်ဆုံစီမံကိန်း မရပ်ဆိုင်းခဲ့ရင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လုပ်နိုင်ပြီး မြန်မာနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရုံသာမက ပိုလျှံနိုင်တယ်လို့ မကြာခင်က ပြောဆိုထားပါတယ်။

ဒီလိုပြောဆိုမှုဟာ လက်ရှိလျှပ်စစ်ပြတ်လပ်မှုကို မြစ်ဆုံရပ်ဆိုင်းခဲ့မှုနဲ့ ချိတ်ဆက်ပြီး စီမံကိန်းပြန်စဖို့ လူထုလက်ခံလာအောင် အကြောင်းပြချက်တည်ဆောက်နေတာ ဖြစ်နိုင်ပါတယ်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ စီမံကိန်းတွေကို ထိခိုက်စေမယ့် လှုပ်ရှားမှုတွေ ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း တရုတ်ဘက်ကို အာမခံထားပါတယ်။

မြစ်ဆုံဟာ လူထုကန့်ကွက်မှု အပြင်းအထန်ရှိနေတဲ့ စီမံကိန်းဖြစ်တာကြောင့် အဲဒီအာမခံချက်ဟာ တခြားတရုတ်စီမံကိန်းတွေသာမက မြစ်ဆုံကို ပြန်လည်အကောင်အထည်ဖော်ချိန်မှာ လိုအပ်မယ့် လုံခြုံရေးအာမခံချက်နဲ့ပါ ဆက်စပ်နေနိုင်ပါတယ်။

တရုတ်နိုင်ငံအတွက် မြစ်ဆုံဟာ လျှပ်စစ်စီမံကိန်းတစ်ခုထက် ပိုပါတယ်။

တရုတ်နိုင်ငံပိုင်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ စီမံကိန်းတစ်ခုကို မြန်မာဘက်က အကန့်အသတ်မရှိ ရပ်ဆိုင်းထားနိုင်ခြင်းဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအတွက် မကောင်းတဲ့သာဓက ဖြစ်နေပါတယ်။

မြစ်ဆုံကို မူလပုံစံအတိုင်း မဟုတ်ရင်တောင် ဆည်အရွယ်အစားလျှော့ချခြင်း၊ လျှပ်စစ်ခွဲဝေမှု ပြန်ပြင်ခြင်းနဲ့ ပြည်တွင်းအသုံးပြုမှုကို ဦးစားပေးတယ်လို့ ပုံဖော်ပြီး ပြန်စနိုင်ရင် တရုတ်က သူ့ရဲ့ စာချုပ်ဆိုင်ရာအကျိုးစီးပွားကို ပြန်လည်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်အတွက်တော့ မြစ်ဆုံအပါအဝင် တရုတ်စီမံကိန်းတွေကို ရှေ့ဆက်ပေးခြင်းက တရုတ်ရဲ့ နိုင်ငံရေးထောက်ခံမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးအကူအညီတွေ ရယူနိုင်မယ့် အပေးအယူကတ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

စတီဗင်လောနဲ့ အေးရှားဝေါလ်အတွက်တော့ မြစ်ဆုံပြန်စခြင်းဟာ ရပ်ဆိုင်းနေတဲ့ အစုရှယ်ယာအကျိုးစီးပွားနဲ့ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ မြေယာနဲ့ ဝန်ဆောင်မှုကန်ထရိုက်တွေကို ပြန်လည်အသက်သွင်းနိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြစ်ဆုံတည်ဆောက်ရေးကို ချက်ချင်းပြန်စမယ်လို့ အတည်ပြုလို့ မရသေးပါဘူး။

ဒါပေမဲ့ မြစ်ဆုံဦးဆောင်အဖွဲ့ ဖွဲ့စည်းထားခြင်း၊ မင်းအောင်လှိုင်က မြစ်ဆုံကို လျှပ်စစ်ပြတ်လပ်မှုနဲ့ ချိတ်ဆက်ပြောဆိုခြင်း၊ တရုတ်စီမံကိန်းတွေကို ကာကွယ်ပေးမယ်လို့ အာမခံခြင်း၊ စတီဗင်လော၊ လျှပ်စစ်ဝန်ကြီးနဲ့ ကချင်ဝန်ကြီးချုပ်တို့ တရုတ်ခရီးစဉ်မှာ ပါဝင်ခြင်း၊ New Day Myanmar ရင်းမြစ်က ခရီးစဉ်ဆွေးနွေးမှုမှာ မြစ်ဆုံပြန်စရေး ပါဝင်တယ်လို့ ပြောဆိုခြင်းတို့ကို ဆက်စပ်ကြည့်ရင် စီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီလို့ သုံးသပ်နိုင်ပါတယ်။

ဒါပေမဲ့ မြစ်ဆုံရဲ့ အနာဂတ်ကို တရုတ်အစိုးရ၊ စစ်အုပ်စုနဲ့ အကျိုးစီးပွားရှိတဲ့ ခရိုနီလုပ်ငန်းရှင်တွေချည်း ဆုံးဖြတ်ခွင့်မရှိဘူးဆိုတာတော့ သေချာ ပြောလိုက်ပါရစေ။

By New Day Myanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး