ဩဂုတ် ၅၊ ၂၀၂၆ | New Day Myanmar
ဩဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် လာရောက်မယ့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုလက်ခံမယ့်အစီအစဉ် ဖျက်သိမ်းဖို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်နဲ့ ထိုင်းအစိုးရကို ထိုင်းလွှတ်တော်အမတ် ကန်နဝီ ဆွဘ်ဆန်က တောင်းဆိုလိုက်ပါတယ်။
ထိုင်းအောက်လွှတ်တော်အမတ် ကန်နဝီက မင်းအောင်လှိုင်ရဲ့ ဇူလိုင် ၃၁ ရက် ရက်ပေါင်း ၁၀၀ မူဝါဒမိန့်ခွန်းကို လေ့လာပြီးနောက် လူမှုကွန်ရက်ကတစ်ဆင့် အခုလို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပွင့်ပွင့်လင်းလင်း ငြင်းပယ်လိုက်တာဖြစ်သလို အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကြား ပူးတွဲသဘောတူထားတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေကို ခွဲခြားဆက်ဆံမှုအဖြစ် စွပ်စွဲထားတယ်လို့ ကန်နဝီက ထောက်ပြပါတယ်။
မင်းအောင်လှိုင်ဟာ လက်ရှိလမ်းကြောင်းအတိုင်း ဆက်လက်သွားနေတာကြောင့် ကီလိုမီတာ ၂,၄၀၀ ကျော်ရှည်လျားတဲ့ ထိုင်း–မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးကို တိုက်ရိုက်ထိခိုက်စေတယ်လို့ ဆိုပါတယ်။ နယ်စပ်ဒေသတွေမှာ ကျည်ကျော်ဝင်တာ၊ ထိုင်းလေပိုင်နက် ချိုးဖောက်ခံရတာနဲ့ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး လူသေဆုံး၊ ဒဏ်ရာရမှုတွေလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့ ၄၂ နှစ်ကျော်ကတည်းက ယာယီဒုက္ခသည်စခန်းတွေမှာ လူဦးရေ တစ်သိန်းနီးပါးကို လက်ခံထားရသလို ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကနေ ထပ်မံထွက်ပြေးလာသူ သိန်းနဲ့ချီ ရှိနေတယ်လို့ ကန်နဝီက ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းမှာလည်း နေရပ်စွန့်ခွာသူ သန်းနဲ့ချီရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ခိုလှုံနေရတာကြောင့် မြန်မာ့အကျပ်အတည်းဟာ ထိုင်းနိုင်ငံအတွက် လူသားချင်းစာနာမှု၊ လုံခြုံရေးနဲ့ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးတွေ ဆက်လက်ဖြစ်ပေါ်စေမယ်လို့ သူက သတိပေးပါတယ်။
မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် တံခါးဖွင့်ထားတယ်လို့ ပြောဆိုပေမယ့် လက်တွေ့မှာ စစ်တပ်က စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကန်နဝီက ထောက်ပြပါတယ်။
အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့ မူဝါဒကြောင့် လူငယ်အများအပြား ထိုင်းနိုင်ငံဘက် ထွက်ပြေးလာနိုင်ပြီး အကျိုးဆက်တွေကို ထိုင်းနိုင်ငံက ထပ်မံတာဝန်ယူရနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ကျူးလွန်သူ ၇၅ ရာခိုင်နှုန်းဟာ အိမ်နီးချင်းနိုင်ငံတွေကတစ်ဆင့် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေဖြစ်တယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ဟာ ထိုင်းနိုင်ငံအပေါ် အပြစ်ပုံချဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ ကန်နဝီက ဝေဖန်ပါတယ်။
ငွေလိမ်ဂိုဏ်းဝင်းကြီးတွေဟာ မြန်မာနိုင်ငံပိုင်နက်အတွင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပြီး ပြည်သူတွေ ဆန့်ကျင်ပုန်ကန်လာတာဟာ ပညာရေးအရည်အသွေးနိမ့်ကျမှုကြောင့်လို့ မင်းအောင်လှိုင်ပြောတာကိုလည်း သူက ပယ်ချခဲ့ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အပြီးတိုင်ဖြတ်တောက်ဖို့ မလိုအပ်ဘဲ နယ်စပ်ရေးရာ၊ မူးယစ်ဆေးဝါးနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကန်နဝီက ပြောပါတယ်။
ဒါပေမဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စွပ်စွဲခံထားရတဲ့ ခေါင်းဆောင်တစ်ဦးကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်တဲ့အဆင့် မရောက်သင့်ဘူးလို့ သူက သတိပေးပါတယ်။
“ထိုင်းအစိုးရဟာ မူဝါဒ၊ ငြိမ်းချမ်းရေးနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ဘက်မှာ ရပ်တည်ရမယ်” လို့ ကန်နဝီက ပြောပါတယ်။
ထိုင်းအစိုးရကတော့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ဟာ နှစ်လမ်းသွားချဉ်းကပ်မှု မူဝါဒရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နယ်စပ်နဲ့ နှစ်နိုင်ငံကြား အရေးတကြီးဖြေရှင်းရမယ့် ကိစ္စတွေကို ဆွေးနွေးဖို့ လိုအပ်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။

