Homeနိုင်ငံတကာသတင်းထိုင်းအတိုက်အခံ ပြည်သူ့ပါတီက အနုတင်အစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းဖို့ ပြင်ဆင်

ထိုင်းအတိုက်အခံ ပြည်သူ့ပါတီက အနုတင်အစိုးရကို အယုံအကြည်မရှိအဆို တင်သွင်းဖို့ ပြင်ဆင်

ဩဂုတ် ၁၁၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံရဲ့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ပါတီ (People’s Party) က ဝန်ကြီးချုပ် အနုတင် ချန်ဝီရကူးလ် ဦးဆောင်တဲ့ အစိုးရကို လာမယ့် လွှတ်တော်အစည်းအဝေးကာလမှာ အယုံအကြည်မရှိအဆို တင်သွင်းပြီး စစ်ဆေးမေးမြန်းဖို့ ပြင်ဆင်နေပါတယ်။

ပြည်သူ့ပါတီ စာရင်းအမတ်နဲ့ အတိုက်အခံပါတီတွေဘက်က လွှတ်တော်လုပ်ငန်းတွေကို ညှိနှိုင်းပေးနေတဲ့ အတိုက်အခံ Whip ဥက္ကဋ္ဌ ပရစ် ဝချာရာဆင်ဒု က လာမယ့် လွှတ်တော်အစည်းအဝေးကာလမှာ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၁ အရ အယုံအကြည်မရှိအဆိုကို သေချာပေါက် တင်သွင်းမယ်လို့ ဩဂုတ် ၉ ရက်မှာ ပြောပါတယ်။

အဆိုကို ဘယ်နေ့မှာ တင်သွင်းမယ်ဆိုတာကိုတော့ အတိုက်အခံပါတီတွေအချင်းချင်း ဆွေးနွေးပြီး လွှတ်တော်အစည်းအဝေး အချိန်ဇယားနဲ့ ချိန်ညှိဆုံးဖြတ်သွားမယ်လို့ ပရစ်က ဆိုပါတယ်။ ထိုင်းလွှတ်တော်ရဲ့ နောက်ထပ်ပုံမှန်အစည်းအဝေးကာလကို ဩဂုတ် ၂၅ ရက်က ဒီဇင်ဘာ ၂၂ ရက်အထိ ကျင်းပဖို့ရှိပြီး အယုံအကြည်မရှိအဆို ဆွေးနွေးပွဲဟာ ဒီနှစ် နောက်ဆုံးသုံးလအတွင်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အယုံအကြည်မရှိအဆိုမှာ အဓိက ထည့်သွင်းဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့ အကြောင်းအရာတွေထဲ ၂၀၂၄ ခုနှစ် အထက်လွှတ်တော်အမတ်ရွေးချယ်မှုမှာ အုပ်စုဖွဲ့မဲညှိနှိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်၊ ဒေသန္တရအစိုးရဝန်ထမ်း စာမေးပွဲမသမာမှု၊ TH-AI Passport စီမံကိန်းနဲ့ စွမ်းအင်ကဏ္ဍပြောင်းလဲရေးအတွက် ဘတ် ၄၀၀ ဘီလီယံ ချေးငွေအမိန့်ဒီကရီ တို့ ပါဝင်မယ်လို့ ပရစ်က ပြောပါတယ်။

အထူးသဖြင့် ၂၀၂၄ ခုနှစ် အထက်လွှတ်တော်အမတ် ရွေးချယ်မှုမှာ မဲညှိနှိုင်းပြီး အုပ်စုဖွဲ့ရွေးချယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အတိုက်အခံဘက်က အဓိကထား စုံစမ်းနေပါတယ်။ ပြည်သူ့ပါတီဘက်က အဲဒီဖြစ်စဉ်နဲ့ လက်ရှိအစိုးရအဖွဲ့ဝင်တချို့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိတာကြောင့် အစိုးရကို စစ်ဆေးမေးမြန်းနိုင်တဲ့ အကြောင်းအရာဖြစ်တယ်လို့ ဆိုပါတယ်။

ပရစ်က အဲဒီအမှုဟာ လက်ရှိဝန်ကြီးအဖွဲ့နဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲခံထားရသူ အရေအတွက် အများဆုံးပါဝင်တဲ့ အကျင့်ပျက်ခြစားမှုအမှုတွေထဲက တစ်ခုဖြစ်နိုင်တယ်လို့ ပြောပြီး ပြည်သူ့ပါတီအမတ်တွေကိုလည်း အယုံအကြည်မရှိအဆိုအတွက် အချက်အလက်နဲ့ သက်သေအထောက်အထားတွေ စုဆောင်းထားဖို့ ညွှန်ကြားထားပါတယ်။

ဝန်ကြီးချုပ် အနုတင် ချန်ဝီရကူးလ် ကတော့ အတိုက်အခံဘက်က အယုံအကြည်မရှိအဆို တင်သွင်းဖို့ ပြင်ဆင်နေတာကို စိုးရိမ်တာမရှိဘူးလို့ ပြောပါတယ်။ အတိုက်အခံအနေနဲ့ အစိုးရကို စစ်ဆေးတာဟာ သူတို့ရဲ့ လုပ်ဆောင်ရမယ့်တာဝန်ဖြစ်ပြီး အစိုးရက မကောင်းတာ၊ ဥပဒေမဲ့လုပ်ရပ်တွေ မလုပ်ထားရင် စိုးရိမ်ဖို့မလိုဘူးလို့ ဆိုပါတယ်။

အထက်လွှတ်တော် ရွေးချယ်မှုဆိုင်ရာ အုပ်စုဖွဲ့မဲညှိနှိုင်းမှု စွပ်စွဲချက်နဲ့ပတ်သက်ပြီးတော့ အနုတင်က လက်ရှိအစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တာ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ်မှာ အထက်လွှတ်တော်ရွေးချယ်မှု ဖြစ်ခဲ့ချိန်က လက်ရှိအစိုးရ မဖွဲ့စည်းရသေးဘဲ သူ့အစိုးရဟာ ၂၀၂၆ ခုနှစ် ဧပြီလကမှ စတင်တာဝန်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အနုတင်ဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ရွေးကောက်ပွဲအပြီးမှာ ဘူမိဂျိုင်ထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီး လွှတ်တော်မဲ ၂၉၃ မဲနဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ပြည်သူ့ပါတီကတော့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၂၀ ရရှိပြီး အစိုးရအဖွဲ့ထဲ မဝင်ဘဲ အဓိကအတိုက်အခံပါတီအဖြစ် ရပ်တည်နေပါတယ်။

လက်ရှိအခြေအနေအရ အယုံအကြည်မရှိအဆိုကို တင်သွင်းမယ့် ရက်အတိအကျ မသတ်မှတ်ရသေးပေမယ့် ပြည်သူ့ပါတီက လာမယ့် လွှတ်တော်အစည်းအဝေးကာလအတွင်း သေချာပေါက် တင်သွင်းမယ်လို့ အတည်ပြုထားတာကြောင့် အနုတင်အစိုးရ တက်လာပြီး လပိုင်းအတွင်း အရေးပါတဲ့ လွှတ်တော်စစ်ဆေးမှုတစ်ခုကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Related News

Most Read