ဩဂုတ် ၁၁၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မွန်ဖို့တ်ကောလိပ် (Montfort College) မှာ ကျောင်းအတွင်း ပစ်ခတ်မှုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ကျောင်းသားတွေရဲ့ LINE Open Chat အဖွဲ့မှာ ပေါ်ထွက်လာပြီးနောက် ဒီနေ့ ဩဂုတ် ၁၁ ရက်မှာ ရဲတပ်ဖွဲ့အင်အား တိုးချဲ့ချထားပြီး ကျောင်းဝင်ပေါက်တွေမှာ အိတ်တွေကိုပါ စစ်ဆေးကာ လုံခြုံရေး တင်းကျပ်ထားပါတယ်။
ခြိမ်းခြောက်စာတွေကို ဩဂုတ် ၁၀ ရက် ညနေပိုင်းက အထက်တန်းကျောင်းသားတွေ အသုံးပြုတဲ့ LINE အဖွဲ့မှာ ရေးသားခဲ့တာဖြစ်ပြီး ဩဂုတ် ၁၁ ရက် မနက် ၁၀ နာရီမှာ ကျောင်းအတွင်း ပစ်ခတ်မယ်ဆိုတဲ့ သဘောမျိုး ရေးသားထားပါတယ်။ စာထဲမှာ အထူးသဖြင့် အထက်တန်းနောက်ဆုံးနှစ် အခန်း ၉ နဲ့ ၁၀ က ကျောင်းသားတွေကို ပစ်မှတ်ထားတဲ့ စကားတွေ ပါဝင်ခဲ့ပြီး အနိုင်ကျင့်ခံရတာနဲ့ပတ်သက်တဲ့ မကျေနပ်ချက်တွေကိုလည်း ရေးသားထားတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
ကျောင်းသားအမျိုးသား ၂ ဦးကြား စကားပြောဆိုမှုတွေမှာ ခြိမ်းခြောက်စာတွေအပြင် သေနတ်ဓာတ်ပုံတစ်ပုံလည်း မျှဝေထားတာကြောင့် Screenshot တွေ ကျောင်းသားမိဘတွေရဲ့ LINE အဖွဲ့တွေဆီ ဆက်လက်ပျံ့နှံ့ခဲ့ပြီး ကျောင်းသားတွေနဲ့ မိဘတွေကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီကိစ္စကို သိရှိပြီးနောက် မွန်ဖို့တ်ကောလိပ်က မယ်ပင်းရဲစခန်းနဲ့ ချိတ်ဆက်ပြီး ဩဂုတ် ၁၀ ရက်ကတည်းက ကျောင်းဝင်းအတွင်းနဲ့ အနီးပတ်ဝန်းကျင်မှာ လုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။ ဒီနေ့မနက်မှာတော့ ရဲတပ်ဖွဲ့နဲ့ ဆရာ၊ ဆရာမတွေက ကျောင်းဝင်လာတဲ့ ကျောင်းသားတွေရဲ့ အိတ်တွေကို စစ်ဆေးခဲ့သလို စာသင်ခန်းတွေမှာလည်း လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေအပြင် အရပ်ဝတ်ရဲတွေကိုပါ ကျောင်းဝင်းနဲ့ အနီးပတ်ဝန်းကျင်မှာ ချထားပြီး စောင့်ကြည့်ခဲ့ပါတယ်။ ဒီနေ့ ကျောင်းမှာ အမေများနေ့ဆိုင်ရာ လှုပ်ရှားမှုတွေ ရှိနေတာကြောင့်လည်း ကျောင်းဝင်ပေါက်စစ်ဆေးမှုကို အထူးတင်းကျပ်ခဲ့ပါတယ်။
သတင်းပျံ့နှံ့လာပြီးနောက် မိဘတချို့က သူတို့ရဲ့ သားသမီးတွေကို ဒီနေ့ ကျောင်းမလွှတ်ဘဲ အိမ်မှာထားခဲ့ကြသလို သတင်းကို နောက်မှသိရတဲ့ မိဘတချို့ကလည်း ကျောင်းကို လာရောက်ပြီး သားသမီးတွေကို ပြန်ခေါ်သွားခဲ့ကြပါတယ်။
ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ယုထနာ ကဲန်ချန် က ခြိမ်းခြောက်စာပို့တဲ့ကိစ္စနဲ့ ဆက်စပ်တဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ပြီဖြစ်ပြီး မိဘတွေကိုလည်း ခေါ်ယူတွေ့ဆုံကာ ဖြစ်စဉ်အကြောင်းရင်းနဲ့ အချက်အလက်တွေကို ဆက်လက်စစ်ဆေးနေတယ်လို့ ပြောပါတယ်။
နောက်ဆုံးကနဦးစစ်ဆေးချက်အရ ခြိမ်းခြောက်စာတွေနဲ့ ဆက်စပ်သူတွေဟာ ကျောင်းသားအမျိုးသား ၂ ဦးဖြစ်ပြီး သူတို့က အပျော်သဘော၊ စိတ်လိုက်မာန်ပါ ရေးသားခဲ့တာဖြစ်ကာ ဒီလောက်အထိ ကြီးမားတဲ့ပြဿနာဖြစ်လာမယ်လို့ မထင်ခဲ့ကြောင်း ပြောထားတယ်လို့ MGR Online က ဖော်ပြပါတယ်။
ဒါပေမယ့် ရဲတပ်ဖွဲ့က ဖြစ်စဉ်ရဲ့ အကြောင်းရင်း၊ ခြိမ်းခြောက်မှုမှာ အမှန်တကယ် လက်နက်ရှိ၊ မရှိနဲ့ ဥပဒေအရ ဆက်လက်အရေးယူရမယ့် အခြေအနေတွေကို စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ခြိမ်းခြောက်စာမှာ ဖော်ပြခဲ့တဲ့ မနက် ၁၀ နာရီ ကျော်လွန်သွားတဲ့အထိ ကျောင်းအတွင်း အကြမ်းဖက်ဖြစ်စဉ် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့တာ မရှိပါဘူး။
မွန်ဖို့တ်ကောလိပ်ကလည်း ကျောင်းအတွင်း အခြေအနေဟာ ပုံမှန်ဖြစ်နေပြီး အကြမ်းဖက်ဖြစ်စဉ် တစ်စုံတစ်ရာ မဖြစ်ပွားခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။ ကျောင်းသားတွေဟာ စာသင်တာ၊ လှုပ်ရှားမှုတွေ ပြုလုပ်တာနဲ့ အားကစားကစားတာတွေကို ပုံမှန်အစီအစဉ်အတိုင်း ဆက်လုပ်နေတယ်လို့လည်း ကျောင်းဘက်က ဆိုပါတယ်။
ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်နောက်ပိုင်းမှာ ချင်းမိုင်ခရိုင်အတွင်းရှိ ကျောင်းတွေအားလုံးမှာ လုံခြုံရေးနဲ့ စောင့်ကြည့်မှု တိုးမြှင့်ဖို့ သက်ဆိုင်ရာရဲစခန်းတွေကို ညွှန်ကြားထားပါတယ်။ မအတည်ပြုရသေးတဲ့ သတင်းတွေကို ပြန်လည်မျှဝေတာက ထိတ်လန့်မှုဖြစ်စေနိုင်သလို အလားတူလုပ်ရပ် လိုက်လံလုပ်ဆောင်တဲ့ Copycat ဖြစ်စဉ်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် ကျောင်းနဲ့ အာဏာပိုင်တွေရဲ့ တရားဝင်သတင်းကိုသာ အခြေခံကြဖို့လည်း တိုက်တွန်းထားပါတယ်။

