Homeပြည်တွင်းသတင်းချင်းမိုင်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို စီးနင်းဖမ်းဆီး၊ မြန်မာ ၄ ဦးအပါအဝင် ၁၅ ဦး ဖမ်းမိ

ချင်းမိုင်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို စီးနင်းဖမ်းဆီး၊ မြန်မာ ၄ ဦးအပါအဝင် ၁၅ ဦး ဖမ်းမိ

၉ ဇွန် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆာရဖီမြို့နယ်ရှိ ဇိမ်ခံအိမ်ရာဝင်းတစ်ခုမှာ အခြေစိုက်လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၈ ရက်နေ့မှာ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၄ ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအဖွဲ့ဟာ အိမ်နှစ်လုံးကို တစ်လ ဘတ် ၇ သောင်းနဲ့ ဘတ် ၁ သိန်းနှုန်း အသီးသီး ငှားရမ်းပြီး လုပ်ငန်းလည်ပတ်နေခဲ့တာဖြစ်ကာ ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်နိုင်ငံသား ၁၁ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး ပါဝင်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုအတွင်း ကွန်ပျူတာ ၁၀ လုံး၊ မိုဘိုင်းဖုန်း ၄၅ လုံးကျော်နဲ့ တရုတ်နိုင်ငံသား သောင်းနဲ့ချီရဲ့ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ ဂိုဏ်းခေါင်းဆောင်ဟာ တရုတ်နိုင်ငံမှာ ရှိနေဆဲဖြစ်ပြီး ဖမ်းဆီးရမိထားသူတွေနဲ့ ဆက်စပ်ကွင်းဆက်တွေကို တရုတ်ကောင်စစ်ဝန်ရုံးနဲ့ ပူးပေါင်းပြီး ဆက်လက်ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ဟာ ထိုင်းနဲ့ တရုတ်နိုင်ငံအတွင်းရှိ တရုတ်လူမျိုးတွေကို ပစ်မှတ်ထားပြီး အာမခံလုပ်ငန်းနဲ့ ငွေလဲလုပ်ငန်းတွေကို အကြောင်းပြကာ ဖုန်းဆက်လိမ်လည်မှုတွေ ကျူးလွန်နေခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို တစ်လ ဘတ် ၅ သောင်းနှုန်းနဲ့ Cryptocurrency အသုံးပြုပြီး လစာပေးချေခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းကို စနစ်တကျ စီမံဆောင်ရွက်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးရမိမှုအရ အိမ်အမှတ် ၁၅၁/၁၄ မှာ တရုတ်နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အိမ်အမှတ် ၁၅၁/၇၄ မှာတော့ တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဆိုပါ ငွေလိမ်လုပ်ငန်းကို နှစ်လကနေ သုံးလခန့်ကြာ လုပ်ကိုင်နေခဲ့တယ်လို့ သိရပြီး ဖမ်းဆီးရမိထားတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသားအားလုံးကို လိမ်လည်မှု၊ လျှို့ဝှက်ကြံစည်မှုစတဲ့ စွဲချက်တွေနဲ့ အမှုဖွင့်အရေးယူထားကာ ဆက်လက်စစ်ဆေးနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး