Homeပြည်တွင်းသတင်းချင်းမိုင်မှာ မြန်မာအမျိုးသား မောင်းနှင်တဲ့ကား မီးလောင်၊ ကားပေါ်ပါသူတွေ လွတ်မြောက်

ချင်းမိုင်မှာ မြန်မာအမျိုးသား မောင်းနှင်တဲ့ကား မီးလောင်၊ ကားပေါ်ပါသူတွေ လွတ်မြောက်

ဩဂုတ် ၁၁၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ ဒွိုင်ဆာကက်ခရိုင်မှာ မြန်မာအမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနဲ့အတူ လိုက်ပါလာတဲ့ ကိုရီးယားအမျိုးသမီးတို့ အချိန်မီ ထွက်ပြေးလွတ်မြောက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၁၀ ရက် ညနေ ၆ နာရီ ၅၂ မိနစ်ခန့်မှာ ဒွိုင်ဆာကက်ခရိုင်၊ Mae Khuea ကျေးရွာအုပ်စု၊ Moo 1 ရှိ Thanapiriya Supermarket အရှေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သတင်းရရှိပြီးနောက် ဒွိုင်ဆာကက်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရာကို သွားရောက်ခဲ့ပြီး Mae Khuea မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရေနဲ့ မီးသတ်ဆေးတွေ အသုံးပြုပြီး မီးငြှိမ်းသတ်ခဲ့ရပါတယ်။

ကနဦးစစ်ဆေးချက်အရ ကားကို မြန်မာအမျိုးသားတစ်ဦး မောင်းနှင်လာပြီး ကိုရီးယားအမျိုးသမီးတစ်ဦးလည်း လိုက်ပါလာခဲ့ပါတယ်။ သူတို့ဟာ ချင်းမိုင်ပြည်နယ်၊ San Kamphaeng ခရိုင်ဘက်ကနေ မောင်းနှင်လာခဲ့တာလို့ ဆိုပါတယ်။

အခင်းဖြစ်ရာနေရာအရောက်မှာ ကားအင်ဂျင်ခန်းကနေ ရုတ်တရက် မီးခိုးထွက်လာတာကြောင့် ယာဉ်ကို ချက်ချင်းရပ်ပြီး နှစ်ဦးစလုံး ကားထဲက ထွက်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ မီးက ကားတစ်စီးလုံးကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ပြီး ကားတစ်စီးလုံး ပျက်စီးသွားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်အထိ မသိရသေးဘဲ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေပါတယ်။

Related News

Most Read