ဩဂုတ် ၁၅၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ဒေသခံတွေရဲ့ ပစ္စည်းတွေ ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသားတစ်ဦးကို အုပ်ချုပ်ရေးအဖွဲ့က GPS နောက်ယောင်ခံစနစ်အသုံးပြုပြီး ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖြစ်စဉ်ဟာ ဩဂုတ် ၁၃ ရက်ညက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံတွေက တန်ဖိုးရှိပစ္စည်းအများအပြား ခိုးယူခံရတယ်လို့ အကူအညီတောင်းခံလာပြီးနောက် အုပ်ချုပ်ရေးအဖွဲ့က လိုက်လံစုံစမ်းခဲ့တာ ဖြစ်ပါတယ်။
ခိုးယူခံရတဲ့ ပစ္စည်းတွေထဲမှာ iPad တစ်လုံးပါဝင်ပြီး အဲဒီ iPad ရဲ့ GPS တည်နေရာကို လိုက်ကြည့်ရာ ဖရထတ်ဖာဒဲင်နယ်မြေ၊ ဟွာဖိုင်ကျေးရွာကျောင်းရှေ့က ဖုန်းဆိုင်တစ်ဆိုင်အနီး မှာ တည်နေရာပြခဲ့တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့က ဖုန်းဆိုင်ပိုင်ရှင်ကို မေးမြန်းရာမှာ မြန်မာနိုင်ငံသားတစ်ဦးက အဲဒီ iPad ကို လာရောင်းထားတယ်လို့ သိရပြီးနောက် ဟွာဖိုင်နဲ့ အွမ်ဒွိုင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ သံသယရှိသူကို လိုက်လံရှာဖွေခဲ့ပါတယ်။
နောက်ပိုင်း သံသယရှိသူနေထိုင်ရာ အိမ်ကို ဝင်ရောက်ရှာဖွေရာမှာ မိုဘိုင်းဖုန်းနဲ့ လျှပ်စစ်ပစ္စည်းအများအပြား ကို သက်သေအဖြစ် တွေ့ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
သံသယရှိ မြန်မာနိုင်ငံသားကို ဖမ်းဆီးပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေနဲ့အတူ မဲဆောက်ရဲစခန်း ကို လွှဲပြောင်းပေးထားပြီး ဥပဒေအရ ဆက်လက်အရေးယူဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်းမှာ ဖမ်းဆီးခံရသူရဲ့ အမည်၊ အသက်နဲ့ ခိုးယူခံရတဲ့ ပစ္စည်းစုစုပေါင်းတန်ဖိုးကိုတော့ ဖော်ပြထားတာ မရှိသေးပါဘူး။

