Homeပြည်တွင်းသတင်းYBS ယာဉ်စီးခ စက်တင်ဘာ ၁ ရက်ကစပြီး တိုးကောက်မယ်

YBS ယာဉ်စီးခ စက်တင်ဘာ ၁ ရက်ကစပြီး တိုးကောက်မယ်

ဩဂုတ် ၁၅၊ ၂၀၂၆ | New Day Myanmar

ယာဉ်အပိုပစ္စည်းနဲ့ ယာဉ်ဆက်စပ်ပစ္စည်းတွေ ဝယ်ယူပြုပြင်ရတဲ့ ကုန်ကျစရိတ် မြင့်တက်လာတာကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခနှုန်းထားတွေကို စက်တင်ဘာ ၁ ရက်ကစပြီး တိုးမြှင့်ကောက်ခံသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးထားပါတယ်။

သခင်မြပန်းခြံက ဗိုလ်တထောင်ဘုရားအထိ ပြေးဆွဲနေတဲ့ YBS 56၊ 57 နဲ့ 58 ယာဉ်လိုင်းတွေမှာ လက်ရှိ ယာဉ်စီးခ ကျပ် ၂၀၀ ကနေ ၃၀၀ အထိ တိုးကောက်မှာဖြစ်ပါတယ်။

တခြား YBS ယာဉ်လိုင်းတွေမှာတော့ လက်ရှိ ကျပ် ၄၀၀ ကနေ ၆၀၀ အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ YRTC က ဆိုပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ YPS ကတ် တွေကနေ ယာဉ်စီးခပေးချေရာမှာလည်း စက်တင်ဘာ ၁ ရက်ကစပြီး နှုန်းထားအသစ်တွေအတိုင်း တစ်ပြိုင်တည်း ပြောင်းလဲကောက်ခံနိုင်ဖို့ သက်ဆိုင်ရာ နည်းပညာကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“YBS က လောက်တာမဟုတ်ဘူး။ နေ့ရောညရော ရန်ကုန်မှာ ကြားကားတွေနဲ့ပဲ သွားရသလိုတောင်ဖြစ်နေပြီ။”လို့ ကုမ္ပဏီဝန်ထမ်းတဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း YBS အများပိုင်ကုမ္ပဏီ ၂၁ ခု ရှိပြီး ယာဉ်စုစုပေါင်း ၅,၃၉၉ စီး ရှိပေမယ့် လက်ရှိမှာ ၃,၃၀၀ စီးခန့်သာ ပြေးဆွဲနိုင်တယ်လို့ YRTC ရဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။

ကျန်ယာဉ်တွေထဲမှာ အသေးစားပြုပြင်ဖို့ လိုအပ်နေတဲ့ ယာဉ် ၁,၀၂၄ စီး၊ အလတ်စားပြုပြင်ဖို့ လိုအပ်တဲ့ယာဉ် ၂၀၉ စီး၊ အကြီးစားပြုပြင်ဖို့ လိုအပ်တဲ့ယာဉ် ၅၁၀ စီး နဲ့ တခြားအကြောင်းတွေကြောင့် မပြေးဆွဲနိုင်တဲ့ ယာဉ် ၃၅၆ စီးခန့် ရှိနေပါတယ်။

ယာဉ်အပိုပစ္စည်းဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပြုပြင်ထိန်းသိမ်းရေးကုန်ကျစရိတ်ကို ကာမိနိုင်ဖို့ ယာဉ်စီးခနှုန်းထား တိုးမြှင့်ပေးဖို့ YUPT နဲ့ YBPC Co., Ltd. တို့က YRTC ကို တင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

YRTC ရဲ့ အချက်အလက်အရ လက်ရှိ YBS ယာဉ် ၃,၃၀၀ စီးခန့်နဲ့ ရန်ကုန်မြို့တွင်း ခရီးသည် ၁ ဒသမ ၈ သန်းခန့်ကို နေ့စဉ် သယ်ယူပို့ဆောင်ပေးနေပါတယ်။

ယာဉ်စီးခတိုးမြှင့်မှုဟာ နေ့စဉ် YBS ကို အဓိကအားထားသွားလာနေရတဲ့ အလုပ်သမားနဲ့ အခြေခံလူတန်းစားတွေအတွက် သွားလာရေးကုန်ကျစရိတ် ထပ်မံမြင့်တက်လာစေနိုင်ပါတယ်။

Related News

Most Read