ဩဂုတ် ၂၆၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ခွင့်ပြုချက်မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ပြီး ခရီးသွားအစီအစဉ်တွေပါ ရောင်းချနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံသားအမျိုးသားတစ်ဦးကို ထိုင်းခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။
ဖမ်းဆီးခံရသူကို Siamnews က “Mr. Z” လို့ အမည်လွှဲနဲ့ ဖော်ပြထားပြီး ချင်းမိုင်မြို့ထဲက နာမည်ကြီးခရီးသွားနေရာတွေကို Toyota Fortuner ကားနဲ့ ခရီးသွားတွေ လိုက်လံပို့ဆောင်ပေးတာ၊ ဧည့်လမ်းညွှန်လုပ်ပေးတာနဲ့ ခရီးစဉ်အစီအစဉ်တစ်ခုလုံးကို စီစဉ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရဲဘက်က စွပ်စွဲထားပါတယ်။
ထိုင်းရဲဘက်က သူဟာ ဧည့်လမ်းညွှန်လုပ်ကိုင်ခွင့်မရှိသလို ခရီးသွားလုပ်ငန်းလုပ်ကိုင်ဖို့ လိုအပ်တဲ့ ခွင့်ပြုချက်လည်း မရှိဘူးလို့ ဆိုပြီး အမှု ၃ မှုနဲ့ အရေးယူထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ဧည့်လမ်းညွှန်အလုပ်ဟာ ထိုင်းနိုင်ငံသားတွေအတွက်သာ သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေ ခွင့်ပြုချက်မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်တာကို ထိုင်းအာဏာပိုင်တွေက မကြာသေးခင်က ပိုမိုစစ်ဆေးဖမ်းဆီးလာပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာလည်း ချင်းမိုင်မှာ Facebook စာမျက်နှာကနေ မြန်မာဘာသာနဲ့ ခရီးစဉ်အစီအစဉ်တွေ ကြော်ငြာရောင်းချပြီး ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းခရီးသွားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအမှုမှာလည်း ခရီးသွားတွေကို နေရာအနှံ့ လိုက်ပို့တာ၊ အစားအသောက်နဲ့ ဟိုတယ်စီစဉ်ပေးတာ၊ ခရီးစဉ်ဈေးနှုန်းသတ်မှတ်ပြီး ငွေလက်ခံတာတွေကို ရဲဘက်က အထောက်အထားအဖြစ် ဖော်ပြခဲ့ပါတယ်။
ချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့အဆိုအရ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကနေ ဒီနှစ် ဇွန်လကုန်ပိုင်းအထိ ခရီးသွားလုပ်ငန်းနဲ့ ဧည့်လမ်းညွှန်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ အမှု ၉ မှုကို အရေးယူထားပြီး အဲဒီထဲမှာ ရုရှားနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ဧည့်လမ်းညွှန်တွေ ပါဝင်ခဲ့ပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသားကိုတော့ သံသယရှိသူအဖြစ်သာ အမှုဖွင့်ထားတာဖြစ်ပြီး အပြစ်ရှိကြောင်း တရားရုံးက အပြီးသတ်ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။

