Homeပြည်တွင်းသတင်းစမွတ်ဆာခွန်မှာ မြန်မာ ၂ ဦးကို သေနတ် ၅ ချက်ပစ်ခတ်ခဲ့သူ ထိုင်းအမျိုးသားကို ရဲဖမ်းဆီး

စမွတ်ဆာခွန်မှာ မြန်မာ ၂ ဦးကို သေနတ် ၅ ချက်ပစ်ခတ်ခဲ့သူ ထိုင်းအမျိုးသားကို ရဲဖမ်းဆီး

ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကရထုမ်ဘန်မြို့နယ်မှာ အရက်သောက်နေတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို သေနတ်နဲ့ ၅ ချက် ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို အထူးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၁၂ ရက် ညပိုင်းက ဖက်ချ်ကဆမ်လမ်း ၁၂၀ လမ်းခွဲ၊ အွမ်နွိုင်းဒေသက စက်ရုံတစ်ခုအနီးမှာ ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့အဆိုအရ သံသယရှိသူဟာ စက်ရုံဒုတိယထပ်ကနေ လမ်းတစ်ဖက်မှာ ထိုင်ပြီး သောက်စားနေတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ပထမဆုံး တစ်ချက် ပစ်ခတ်ခဲ့ပြီး သူတို့ ထွက်ပြေးချိန်မှာ နောက်ထပ် ၄ ချက် ဆက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသား ၂ ဦးစလုံး ထိခိုက်ဒဏ်ရာမရဘဲ လွတ်မြောက်ခဲ့ပါတယ်။

သေနတ်ပစ်ခတ်ပြီးနောက် သံသယရှိသူဟာ စက်ရုံအတွင်းမှာ ဆက်လက်ပုန်းအောင်းနေခဲ့တာကြောင့် ရဲတပ်ဖွဲ့က ပတ်ဝန်းကျင်ကို ပိတ်ဆို့ပြီး ဒေသခံတွေကို လုံခြုံတဲ့နေရာ ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။ စမွတ်ဆာခွန်ခရိုင်ရဲတပ်ဖွဲ့က “Chalam 461” အထူးစစ်ဆင်ရေးအဖွဲ့ နဲ့ ကရထုမ်ဘန်ရဲစခန်းက Sixman Team ကိုပါ ခေါ်ယူပြီး ဖမ်းဆီးရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မနက်ပိုင်းမှာ ရဲတပ်ဖွဲ့က ဒရုန်းအသုံးပြုပြီး စက်ရုံအတွင်းကို စောင့်ကြည့်ခဲ့သလို သံသယရှိသူကို လက်နက်ချဖို့လည်း ညှိနှိုင်းခဲ့ပါတယ်။ သံသယရှိသူက အင်္ဂလိပ်လို ပြန်လည်ပြောဆိုခဲ့ပေမယ့် တံခါးဖွင့်ပြီး အညံ့ခံဖို့ ငြင်းဆန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

နောက်ပိုင်းမှာ သံသယရှိသူရဲ့ မိခင်ကို ခေါ်ယူပြီး ညှိနှိုင်းခိုင်းခဲ့ပေမယ့် မအောင်မြင်တာကြောင့် မိခင်က အဝေးထိန်းသော့နဲ့ စက်ရုံတံခါးဖွင့်ပေးခဲ့ပြီး ရဲအထူးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးချိန်မှာ ပွိုင့် 38 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ဆန်တွေနဲ့ ပစ်ခတ်ပြီးသား ကျည်ခွံ ၅ ခု ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သံသယရှိသူကို စစ်ဆေးမေးမြန်းပြီး ဥပဒေအရ အမှုဖွင့်အရေးယူဖို့ လွှဲပြောင်းထားပါတယ်။

ဘာကြောင့် မြန်မာနိုင်ငံသား ၂ ဦးကို ပစ်ခတ်ခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သတင်းထုတ်ပြန်ချိန်အထိ ရဲတပ်ဖွဲ့က အတည်မပြုနိုင်သေးဘဲ ဆက်လက်စစ်ဆေးနေပါတယ်။

Related News

Most Read