ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ဖူးခက်မှာ မြန်မာလူငယ်တစ်ဦး မော်တော်ဆိုင်ကယ်နဲ့ အိမ်ပြန်လာချိန် လူနှစ်ဦးက လမ်းမှာ တားဆီးပြီး ဓားနဲ့ထိုးကာ ထပ်မံကန်ကျောက်ခဲ့တာကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ Amarin TV က ဖော်ပြပါတယ်။
ဖြစ်စဉ်ဟာ ဩဂုတ် ၁၂ ရက် ည ၉ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူဟာ သူငယ်ချင်းအိမ်ကနေ မော်တော်ဆိုင်ကယ်နဲ့ အိမ်ပြန်လာချိန် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာရသူရဲ့ သူငယ်ချင်းပြောဆိုချက်အရ တိုက်ခိုက်သူတွေဟာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသားက ဓားရှည်နဲ့ ဆင်တူတဲ့ လက်နက်တစ်ခုကို အသုံးပြုပြီး မြန်မာလူငယ်ရဲ့ ကျောအလယ်ပိုင်းကို ထိုးခဲ့ပါတယ်။ ဓားနဲ့ထိုးခံရပြီး မြေပေါ်လဲကျသွားချိန်မှာလည်း တိုက်ခိုက်သူက ထပ်မံကန်ကျောက်ခဲ့တယ်လို့ ဆိုပါတယ်။
အနီးအနားက ပြည်သူတွေက ဝင်ရောက်ကူညီပြီး ဒဏ်ရာရသူကို ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပါတယ်။ လက်ရှိမှာ ဒဏ်ရာပြင်းထန်တဲ့ အခြေအနေရှိတယ်လို့ Amarin TV က ဖော်ပြထားပေမယ့် နောက်ဆုံးကျန်းမာရေးအခြေအနေကိုတော့ အတည်ပြုထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒဏ်ရာရသူရဲ့ သူငယ်ချင်းကတော့ အရင်ကလည်း ဒဏ်ရာရသူနဲ့ တိုက်ခိုက်သူဘက်ကြား အငြင်းပွားမှု ၂ ကြိမ်ခန့် ဖြစ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ အဲဒီအချိန်တွေမှာ နှစ်ဖက်ညှိနှိုင်းပြီး ရဲစခန်းမှာ အမှုဖွင့်တာ မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။
အခုတစ်ကြိမ် ဘာကြောင့် အကြမ်းဖက်တိုက်ခိုက်မှုအထိ ဖြစ်လာခဲ့လဲဆိုတာတော့ မသိရသေးဘဲ အရင်က ရှိခဲ့တဲ့ အငြင်းပွားမှု မပြီးဆုံးသေးတာကြောင့် ဖြစ်နိုင်တယ်လို့ ဒဏ်ရာရသူရဲ့ သူငယ်ချင်းက ခန့်မှန်းပြောဆိုထားပါတယ်။
တိုက်ခိုက်သူနှစ်ဦးဟာ ဖြစ်စဉ်ပြီးနောက် မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ Amarin TV သတင်းထုတ်ပြန်ချိန်အထိ ဒဏ်ရာရသူဘက်က ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထား၊ မထားကို အတည်မပြုနိုင်သေးသလို ရဲတပ်ဖွဲ့ဘက်ကလည်း တိုက်ခိုက်မှုရဲ့ အကြောင်းရင်းနဲ့ သံသယရှိသူတွေကို ဖမ်းဆီးထားနိုင်ခြင်း ရှိ၊ မရှိ အသေးစိတ်မထုတ်ပြန်သေးပါဘူး။

