ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံမှာ မုတ်သုံမိုးကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး ထိခိုက်လွယ်တဲ့ ပြည်သူတွေ အစာရေစာပြတ်လပ်မှု ပိုဆိုးလာနိုင်တာကြောင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က အရေးပေါ်အစားအစာ ကူညီမှုတွေ စတင်လိုက်တယ်လို့ ဒီနေ့ ဩဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အရေးပေါ်တုံ့ပြန်မှုကို ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် မှာ စတင်ထားပြီး အာဟာရနဲ့ စွမ်းအင်ပါဝင်တဲ့ အသင့်စား အားဖြည့်ဘီစကစ်တွေကို ရေဘေးသင့်ပြည်သူတွေဆီ ဖြန့်ဝေနေပါတယ်။ လေးမျက်နှာမှာ ဇူလိုင် ၃၀ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြစ်တာတမံတွေ ကျိုးပေါက်ပြီး ကျေးရွာနဲ့ ရပ်ကွက်တွေ ရေဝင်ခဲ့တာ ဖြစ်ပါတယ်။
WFP ရဲ့ ကနဦးစစ်တမ်းတွေအရ လေးမျက်နှာမြို့နယ်က ကျေးရွာ ၉၈ ရွာနဲ့ ရပ်ကွက် ၅ ခုမှာ လူပေါင်း ၃၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပါတယ်။
WFP က လက်ရှိမှာ အားဖြည့်ဘီစကစ် မက်ထရစ်တန် ၂၀ ကို ဒေသခံမိတ်ဖက်အဖွဲ့တွေဆီ ပို့ဆောင်ထားပြီး လူ ၁၀,၀၀၀ ခန့် အတွက် လုံလောက်မယ့် အစားအစာကူညီမှု ဖြစ်ပါတယ်။ ဖြန့်ဝေတာကို လက်ရှိ ဆက်လုပ်နေပါတယ်။
WFP မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နဲ့ ဌာနေညွှန်ကြားရေးမှူး မိုက်ကယ် ဒန်ဖို့ဒ် က ဒီနှစ် ရေကြီးမှုဟာ အရင်ကတည်းက ပဋိပက္ခ၊ စီးပွားရေးအခက်အခဲနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ရင်ဆိုင်နေရတဲ့ လူထုကို ထပ်ပြီး ထိခိုက်စေတာဖြစ်တယ်လို့ ပြောပါတယ်။
ရေဘေးကြောင့် နေအိမ်တွေ ရေမြုပ်တာ၊ စိုက်ခင်းတွေ ပျက်စီးတာ၊ သောက်သုံးရေအရင်းအမြစ်တွေ ညစ်ညမ်းတာနဲ့ ဈေးကွက်ဆက်သွယ်ရေး ပြတ်တောက်တာတွေ ဖြစ်နေပြီး ရေကြီးမှု ဆက်ကြာရင် အခြေအနေ မြန်မြန်ဆန်ဆန် ပိုဆိုးလာနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံတဝန်း ရေဘေးရဲ့ ထိခိုက်မှုအပြည့်အစုံကို စစ်ဆေးနေဆဲဖြစ်ပြီး ရေဘေးသင့်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လိုအပ်ချက်တွေကို WFP က ဆက်လက်စိစစ်နေပါတယ်။ လိုအပ်ချက်၊ သွားလာခွင့်နဲ့ ရရှိနိုင်တဲ့ အရင်းအမြစ်တွေပေါ် မူတည်ပြီး အကူအညီတွေ ထပ်တိုးပေးဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ လူ ၁၂ ဒသမ ၄ သန်းခန့် အစာရေစာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး အဲဒီအခြေအနေဟာ လက်နက်ကိုင်ပဋိပက္ခ၊ နေရပ်စွန့်ခွာမှု၊ စီးပွားရေးအခက်အခဲ၊ အစားအသောက်ဈေးမြင့်တက်မှုနဲ့ သဘာဝဘေးတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်နေတာလို့ WFP က ဆိုပါတယ်။
WFP က ၂၀၂၆ ခုနှစ်မှာ လိုအပ်နေသူ ၁၂ ဒသမ ၄ သန်းထဲက ၁ ဒသမ ၅ သန်းခန့်ကိုသာ ကူညီနိုင်မယ့် အခြေအနေရှိပြီး အမေရိကန်ဒေါ်လာ သန်း ၁၅၀ လိုအပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါကြောင့် ရေဘေးသင့်ပြည်သူတွေဆီ အချိန်မီအကူအညီရောက်နိုင်ဖို့ သွားလာခွင့်နဲ့ အရေးပေါ်ရန်ပုံငွေတွေ အရေးကြီးတယ်လို့ WFP က တိုက်တွန်းထားပါတယ်။

