Homeပြည်တွင်းသတင်းလေးမျက်နှာမှာ ရေဘေးသင့်သူ ၃၂,၀၀၀ ကျော်ရှိလာပြီး ဟင်္သာတမြို့နယ်က ကျေးရွာတွေပါ ရေဝင်နစ်မြုပ်

လေးမျက်နှာမှာ ရေဘေးသင့်သူ ၃၂,၀၀၀ ကျော်ရှိလာပြီး ဟင်္သာတမြို့နယ်က ကျေးရွာတွေပါ ရေဝင်နစ်မြုပ်

ဩဂုတ် ၅၊ ၂၀၂၆ | New Day Myanmar

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာ ကျိုးပေါက်ပျက်စီးပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတာကြောင့် ဩဂုတ် ၄ ရက် ညနေပိုင်းအထိ ရေဘေးသင့်သူ ၃၂,၀၀၀ ကျော်အထိ ရှိလာသလို ဟင်္သာတမြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း နေအိမ်တွေ ရေဝင်နစ်မြုပ်မှု စတင်ဖြစ်ပွားနေပါတယ်။

လေးမျက်နှာမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နဲ့ ကျေးရွာ ၁၀၆ ရွာက အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈ စုနဲ့ လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်ခဲ့တယ်လို့ စစ်အုပ်စုသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဟင်္သာတမြို့နယ်အတွင်းရှိ တောင်ပို့တန်း၊ လဟာပ၊ ချောင်းလေး၊ သောင်စု၊ လယ်ဦးစု၊ ရှမ်းစု၊ ရေကြည်ကွက်သစ်၊ ချောင်လိန်၊ စိုင်ပြွန်၊ ရေကြည်ကုန်းနဲ့ လိပ်ခုံးကျေးရွာတို့မှာ နေအိမ်တွေ ရေဝင်နစ်မြုပ်မှု စတင်ဖြစ်ပွားလာတယ်လို့ ဒေသတွင်းက သိရပါတယ်။

တချို့နေရာတွေမှာ နေအိမ်အတွင်း ရေ ၅ ပေခန့်အထိ ဝင်ရောက်နေပြီး ဒေသခံတွေက အိမ်သုံးပစ္စည်းတွေကို အမြင့်နေရာရွှေ့တာနဲ့ လုံခြုံတဲ့နေရာတွေဆီ ပြောင်းရွှေ့တာတွေ လုပ်ဆောင်နေရပါတယ်။

လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေသလို ရေစီးကျော်ဝင်မှုကို တားဆီးနိုင်ဖို့ ပန်းတာရဲ့ လက်ယာဘက်နဲ့ လက်ဝဲဘက်တွေမှာ ရေတိုက်စားမှုကာကွယ်ရေး တုတ်တန်းရိုက်တာနဲ့ ရေလမ်းကြောင်းထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဩဂုတ် ၄ ရက် ညနေ ၆ နာရီ တိုင်းတာချက်အရ ငဝန်မြစ်ရဲ့ လေးမျက်နှာမြို့ ရေအမှတ်ဟာ ၂ ဒသမ ၄ လက်မခွဲခန့် လျော့ကျလာပေမယ့် ရေတွေဟာ ဟင်္သာတမြို့နယ်ဘက် ကျေးရွာတွေဆီ ဆက်လက်ဝင်ရောက်နေဆဲဖြစ်လို့ ဒေသခံတွေ သတိထားကြဖို့ လိုအပ်နေပါတယ်။

Related News

Most Read