Homeပြည်တွင်းသတင်းမတ္တရာမှာ တံငါချောင်းမကြီး ရေလျှံ၊ ကျေးရွာ ၅ ရွာ ရေဝင်ပြီး ဒေသခံတွေ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

မတ္တရာမှာ တံငါချောင်းမကြီး ရေလျှံ၊ ကျေးရွာ ၅ ရွာ ရေဝင်ပြီး ဒေသခံတွေ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

၈ ဩဂုတ် ၂၀၂၆ | New Day Myanmar

ဒီနေ့ ဩဂုတ် ၈ ရက် မနက် ၆ နာရီခွဲလောက်မှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်မှာ တံငါချောင်းမကြီး ရေလျှံပြီး တံငါတောင်ကျေးရွာ၊ ရေချောင်းဗိုလ်ကျေးရွာ၊ ပုဂံစုကျေးရွာ၊ ရခိုင်စုကျေးရွာနဲ့ အညာကိုင်းကျေးရွာတွေထဲ ရေဝင်ရောက်နေတယ်လို့ စစ်အုပ်စုလက်အောက်ခံ မီးသတ်ဦးစီးဌာနက ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်အသိပေးထားပါတယ်။

ရေဝင်နေတဲ့ အိမ်တွေက မိသားစုတွေကို မတ္တရာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မတ္တရာ Rescue အဖွဲ့၊ ကြက်ခြေနီအဖွဲ့နဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး ရေဘေးလွတ်ရာကို ကူညီရွှေ့ပြောင်းပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရေဘေးလွတ်ရာဖြစ်တဲ့ အထက်တောင်ကိုင်းကျေးရွာအုပ်စု၊ ဉမင်ကျေးရွာက စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနဲ့ ရုံပင်ကျေးရွာက ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်း ဒေသအနှံ့မှာ မိုးကြီးတာ၊ ရေကြီးရေလျှံတာနဲ့ မြေပြိုကျတာတွေအပြင် ရံဖန်ရံခါ အသေးစားမြေငလျင်လှုပ်ခတ်မှုအချို့ပါ ဖြစ်ပွားနေတာကြောင့် သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး သတိပြုနေထိုင်ကြဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – MFSD

Related News

Most Read