Homeပြည်တွင်းသတင်းငဝန်ရေကာတာကျိုးပေါက်မှု ၄ ရက်မြောက်မှာ ရေဘေးသင့်သူ ၂ သောင်းနီးပါးရှိလာ

ငဝန်ရေကာတာကျိုးပေါက်မှု ၄ ရက်မြောက်မှာ ရေဘေးသင့်သူ ၂ သောင်းနီးပါးရှိလာ

၂ ဩဂုတ် ၂၀၂၆ | New Day Myanmar

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ ငဝန်ရေကာတာကျိုးပေါက်မှု ဖြစ်ပွားပြီး လေးရက်မြောက်အထိ ရေကြီးမှု ပိုမိုဆိုးရွားနေကာ ရေဘေးသင့်သူ ၂ သောင်းနီးပါးရှိလာကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ရေစီးအရှိန်ပြင်းထန်တာကြောင့် လမ်းတွေ၊ တံတားတွေနဲ့ မြေနိမ့်ပိုင်းကျေးရွာတွေ ရေနစ်မြုပ်နေပြီး ကားတွေနဲ့ သွားလာလို့မရတော့တဲ့အတွက် ဒေသခံတွေကို လှေတွေနဲ့သာ ကယ်ဆယ်ပြောင်းရွှေ့ပေးနေရပါတယ်။

တာမိုင် ၂၅/၃ က ရေကာတာကျိုးပေါက်တဲ့နေရာဟာ ပေ ၂၀၀ ကျော်အထိ ကျယ်ပြန့်လာပြီး ရေစီးကို ပြန်လည်ထိန်းချုပ်ဖို့ အခက်အခဲတွေ ကြုံနေရကြောင်း သိရပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စက်လှေ၊ စက်သုံးဆီ၊ သောက်ရေသန့်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပါတယ်။ ရေဘေးရှောင်ပြည်သူတွေကို လက်ရှိမှာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နီးစပ်ရာ ကယ်ဆယ်ရေးစခန်းတွေမှာ ယာယီနေရာချထားပေးထားပါတယ်။

ရေကြီးမှု ဆက်လက်မြင့်တက်နေတဲ့အတွက် အနီးပတ်ဝန်းကျင်ကျေးရွာတွေကိုပါ ရေဘေးသက်ရောက်နိုင်ကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဩဂုတ် ၁ ရက်အထိ ဒေသဆိုင်ရာထုတ်ပြန်ချက်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၀ ခုက နေအိမ် ၁,၇၃၄ လုံး၊ အိမ်ထောင်စု ၁,၇၆၄ စုနဲ့ လူဦးရေ ၈,၃၈၂ ဦး ရေဘေးသင့်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ နောက်ပိုင်း ရေဝင်ရောက်တဲ့ဧရိယာ ကျယ်ပြန့်လာတာကြောင့် ရေဘေးသင့်သူဦးရေ ၂ သောင်းနီးပါးအထိ မြင့်တက်လာတာဖြစ်ပါတယ်။

ကျေးရွာအုပ်စုခြောက်ခုက တောင်သူ ၂,၅၉၃ ဦးရဲ့ မိုးစပါးစိုက်ဧက ၆,၃၇၁ ဧကလည်း ရေနစ်မြုပ်နေပါတယ်။ နွား ၂၄၆ ကောင်၊ ဝက် ၃၆၉ ကောင်နဲ့ ဆိတ် ၁၂၀ ကောင်ကိုတော့ ရေဘေးလွတ်ရာ ပြောင်းရွှေ့ထားပါတယ်။

Related News

Most Read