၂ ဩဂုတ် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၃ ရပ်ကွက်၊ အနော်မာ ၁ လမ်းက နေအိမ်တအိမ်မှာ အမျိုးသမီးသုံးဦးကို တူနဲ့ထုရိုက်ပြီး တန်ဖိုးရှိပစ္စည်းတွေ လုယက်ယူဆောင်သွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျူးလွန်သူလို့ သံသယရှိသူဟာ မိခင်ဖြစ်သူနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အမျိုးသားတဦးဖြစ်ပြီး နေအိမ်မှာ ညအိပ်တည်းခိုနေစဉ် မိခင်၊ သမီးနဲ့ တူမဖြစ်သူတို့ကို ခြိမ်းခြောက်ကာ ပစ္စည်းတွေ လုယက်ယူဆောင်ခဲ့တာလို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ဖြစ်စဉ်အတွင်း အမျိုးသမီးသုံးဦးစလုံး တူနဲ့ထုရိုက်ခံခဲ့ရတာကြောင့် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်းရဲ့ လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ထားပါတယ်။
လုယက်ခံရတဲ့ ပစ္စည်းအမျိုးအစား၊ တန်ဖိုးနဲ့ ဒဏ်ရာရသူတွေရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို မသိရသေးပါဘူး။
ရဲတပ်ဖွဲ့က ကျူးလွန်သူကို ဖမ်းဆီးရမိရေးနဲ့ ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။


