Homeပြည်တွင်းသတင်းမန္တလေးက ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှုနဲ့ ဆက်နွှယ်သူ ၁၃ ဦး ဖမ်းထား

မန္တလေးက ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှုနဲ့ ဆက်နွှယ်သူ ၁၃ ဦး ဖမ်းထား

၂ ဩဂုတ် ၂၀၂၆ | New Day Myanmar

မန္တလေးမြို့က မီလျံနာရွှေဆိုင်နဲ့ ပေါ်ဦးရွှေဆိုင်တို့ကို သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်ခဲ့တဲ့ ဖြစ်စဉ်နှစ်ခုနဲ့ ဆက်နွှယ်သူ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၃ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ စစ်အုပ်စုရဲ့ ရဲရဲတပ်ဖွဲ့က ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၀ ရက်က ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း၊ ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်ကို အမျိုးသားခြောက်ဦးက ဆိုင်ကယ်သုံးစီးနဲ့ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

ကျူးလွန်သူတွေဟာ ကျပ်သိန်း ၆,၀၀၀ နီးပါးတန်ဖိုးရှိပြီး စုစုပေါင်းအလေးချိန် ၈၅ ကျပ်သား လေးပဲရှိတဲ့ ရွှေထည်ပစ္စည်းတွေကို ယူဆောင်ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှုနဲ့ဆက်နွှယ်သူတွေကို လိုက်လံရှာဖွေရာမှာ ချမ်းမြသာစည်မြို့နယ်၊ ဆ ရပ်ကွက်နေ ထက်ဝေကျော် ခေါ် ကိုထက်ကို ဇူလိုင် ၂၃ ရက်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၅၈ မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သိန်းမြင့် ခေါ် ရွှေဘိုမောင်နိုင်အပါအဝင် ဓားပြတိုက်မှုမှာ ပါဝင်သူတွေနဲ့ ပူးပေါင်းကူညီသူ စုစုပေါင်း ၁၁ ဦးကို ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူတွေဆီကနေ ရွှေထည်ပစ္စည်း ၄၂ ကျပ်သား ၁၄ ပဲ သုံးရွေး၊ ငွေကျပ် ၅၄၀ သိန်း၊ ပစ္စတိုသေနတ်တလက်၊ ကျည်အိမ်နှစ်ခု၊ ကျည် ၂၇ တောင့်၊ ဆိုင်ကယ်လေးစီး၊ လေးခွတလက်နဲ့ မူလီကုန်းသီး ၃၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေထဲက သိန်းမြင့် ခေါ် ရွှေဘိုမောင်နိုင်အပါအဝင် သုံးဦးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလက မဟာအောင်မြေမြို့နယ်မှာရှိတဲ့ ပေါ်ဦးရွှေဆိုင် လုယက်မှုမှာလည်း ပါဝင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပေါ်ဦးရွှေဆိုင် လုယက်မှုနဲ့ဆက်နွှယ်ပြီး ထွန်းလင်းအောင် ခေါ် နိုင်ကိုကိုနဲ့ သန်းစိုးတို့ကိုပါ ထပ်မံဖမ်းဆီးခဲ့တာကြောင့် ရွှေဆိုင်နှစ်ဆိုင် ဓားပြတိုက်မှုမှာ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၃ ဦးရှိလာတာပါ။

ဖမ်းဆီးထားသူတွေကို အမှုဖွင့်အရေးယူဖို့နဲ့ လွတ်မြောက်နေဆဲ ကျူးလွန်သူတွေ၊ ကျန်ရှိနေတဲ့ သက်သေခံပစ္စည်းတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Related News

Most Read