၂၆ မတ် ၂၀၂၆၊ New Day Myanmar
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်ကွက်မှာ ဒီကနေ့ မတ်လ ၂၆ ရက် မနက်ပိုင်းက Level-1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး အခြေစိုက် လူမှုကူညီရေးအသင်းက New Day Myanmar ကို ပြောပါတယ်။
ဒီမီးလောင်မှုဟာ နှစ်ထပ်အုတ်ခံ နေအိမ်က မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းသည်ကိုမူ ၎င်းတို့အနေဖြင့် ပြောဆို၍ မရကြောင်း ဆိုပါတယ်။
“မီးက ၁ နာရီကျော်လောက် ကြာပြီး ငြိမ်းသွားပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူကိုတော့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ထားပါတယ်။ ကျွန်တော်တို့က ပရဟိတအသင်းဆိုတော့ မီးဘယ်လိုလောင်တယ်ဆိုတာကို ပြောလို့ မရပါဘူး။ မီးလောင်မှုက စခေါင်ထဲက Level-1 အဆင့်ပါ” လို့ ဆိုပါတယ်။
မီးလောင်မှုဟာ ဒီကနေ့ မနက် ၉ နာရီခွဲအချိန်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၉ နာရီ ၅၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့လည်း စစ်ကော်မရှင်လက်အောက်ခံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – မဏိစလ လူမှုကူညီရေးအသင်း


