၂၆ ဧပြီ ၂၀၂၆ | New Day Myanmar
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မဈေးကြီးမှာ ဒီကနေ့ ဧပြီ ၂၆ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးအလယ်ရုံရှိ ဆိုင်ခန်းပေါင်း ၂၇၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးလောင်မှုဟာ နံနက် ၆ နာရီ ၂၅ မိနစ်ခန့်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနနဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းကာ မီးသတ်ယာဉ် ၁၄ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မီးလောင်မှုဟာ တစ်နာရီကျော်ကြာမြင့်ခဲ့တာကြောင့် ဆိုင်ခန်းအများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုကြီးမားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုတော့ အထဲဝင်ကြည့်နေကြပြီပေါ့။ အားလုံး ၂၇၁ ခန်းလောင်သွားတယ်ဗျာ။ အားလုံးပြာဘဲရတယ်။ လောလောဆယ်တော့ ဝါယာရှော့ဖြစ်နိုင်တယ်လို့ ပြောရမှာပေါ့၊ စစ်ဆေးနေတုန်းပါ။ ဈေးထဲ ဝါယာကြိုးတွေက နှစ်ကြာပြီးသားဆိုတော့ အဲဒါလည်း သက်ရောက်နိုင်တယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ဈေးပိတ်ရက်ဖြစ်တာကြောင့် မီးလောင်ချိန်တွင် ဈေးအတွင်း လူမရှိသဖြင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ သို့သော် ဈေးအလယ်ရုံရှိ ဆိုင်ခန်းအများစု မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနနဲ့ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။


