Homeပြည်တွင်းသတင်းမြန်မာမှာ လူ ၁၂ ဒသမ ၄ သန်း စားနပ်ရိက္ခာအကျပ်အတည်း ရင်ဆိုင်နေရ၊ စစ်အုပ်စုကို လက်နက်နဲ့ လေယာဉ်ဆီ ဖြတ်တောက်ဖို့...

မြန်မာမှာ လူ ၁၂ ဒသမ ၄ သန်း စားနပ်ရိက္ခာအကျပ်အတည်း ရင်ဆိုင်နေရ၊ စစ်အုပ်စုကို လက်နက်နဲ့ လေယာဉ်ဆီ ဖြတ်တောက်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

ဩဂုတ် ၂၇၊ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ လူ ၁၂ ဒသမ ၄ သန်း ဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာမဖူလုံမှု ရင်ဆိုင်နေရပြီး အဲဒီထဲက လူ ၁ သန်းနီးပါးဟာ အရေးပေါ်အဆင့် ရောက်ရှိနိုင်တာကြောင့် စစ်အုပ်စုဆီ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ စီးဆင်းနေတာကို ဖြတ်တောက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်ပါတယ်။

နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ “Food Under Fire: The Security Council’s Role in Mitigating Global and Local Food Crises” ခေါင်းစဉ်နဲ့ စားနပ်ရိက္ခာအကျပ်အတည်းဆိုင်ရာ တံခါးဖွင့်ဆွေးနွေးပွဲမှာ ဦးကျော်မိုးထွန်းက ဩဂုတ် ၂၆ ရက်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ အဲဒီဆွေးနွေးပွဲကို ဒိန်းမတ်နိုင်ငံက ဩဂုတ်လ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့ပါတယ်။

ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ အခြေခံကုန်စည်၊ ဓာတ်မြေသြဇာနဲ့ စက်သုံးဆီဈေးတွေ မြင့်တက်လာတာဟာ စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းနဲ့ စားနပ်ရိက္ခာမဖူလုံမှုကို ပိုမိုဆိုးရွားစေတယ်လို့ ပြောပါတယ်။

FAO ရဲ့ ၂၀၂၆ ခုနှစ် အချက်အလက်တွေအရ ဇွန်ကနေ ဩဂုတ်အထိ ကာလအတွင်း မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၃ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ၁၂ ဒသမ ၄ သန်း ဟာ အကျပ်အတည်းအဆင့် ဒါမှမဟုတ် အဲဒီထက်ဆိုးတဲ့ စားနပ်ရိက္ခာမဖူလုံမှုကို ရင်ဆိုင်ရနိုင်ပြီး လူ ၁ သန်းနီးပါးက အရေးပေါ်အဆင့် ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ပဋိပက္ခ၊ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းလျော့ကျတာ၊ လူသားချင်းစာနာမှုအကူအညီ ပို့ဆောင်ရခက်တာ၊ စားသောက်ကုန်၊ စက်သုံးဆီနဲ့ စိုက်ပျိုးရေးသွင်းအားစုဈေး မြင့်တက်တာတွေက အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။

WFP ကလည်း မြန်မာနိုင်ငံမှာ လူ ၁၂ ဒသမ ၄ သန်း စားနပ်ရိက္ခာအကျပ်အတည်း ရင်ဆိုင်နေရပြီး လူ ၁ သန်းခန့်က အရေးပေါ်အဆင့်မှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ကလေးနဲ့ မိခင် စုစုပေါင်း ၄ သိန်းခန့်ဟာလည်း ပြင်းထန်တဲ့ အာဟာရချို့တဲ့မှု ခံစားနေရတယ်လို့ ဆိုပါတယ်။

ဦးကျော်မိုးထွန်းက စစ်အုပ်စုဟာ လယ်ယာမြေတွေ၊ ကောက်ပဲသီးနှံတွေ၊ မွေးမြူရေးနဲ့ စိုက်ပျိုးရေးအရင်းအမြစ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဈေးတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေကနေ ပြည်သူတွေရဲ့ စားနပ်ရိက္ခာရရှိနိုင်မှုကို ထိခိုက်စေတယ်လို့ စွပ်စွဲပြီး အဲဒီလုပ်ရပ်တွေဟာ “ဖြတ်လေးဖြတ်” မဟာဗျူဟာရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် လူအများအပြား နေရပ်စွန့်ခွာရပြီး စိုက်ပျိုးရေးထုတ်လုပ်မှုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေပါ ထိခိုက်နေတယ်လို့ သူက ဆိုပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေကိုလည်း စစ်အုပ်စုက လက်နက်သဖွယ် အသုံးချပြီး ဒုက္ခရောက်နေတဲ့ လူထုဆီ မရောက်အောင် တားဆီးနေတယ်လို့ ဦးကျော်မိုးထွန်းက စွပ်စွဲပါတယ်။ မကြာသေးခင်က ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာ သယ်ပို့ကူညီသူတွေကို ဖမ်းဆီးတာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ အရေးပေါ်ကူညီရေးပစ္စည်းတွေ သိမ်းဆည်းတာမျိုးတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံဆိုင်ရာ နောက်ဆက်တွဲဆုံးဖြတ်ချက်တရပ် ထပ်မံချမှတ်ပြီး အဖွဲ့ဝင်နိုင်ငံတွေကို စစ်အုပ်စုဆီ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ နှစ်မျိုးသုံးနည်းပညာပစ္စည်းတွေ မရောက်အောင် ဖြတ်တောက်ဖို့ တောင်းဆိုပေးသင့်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

WFP ကတော့ လက်ရှိ မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ အငတ်ဘေးအဆိုးဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံတွေထဲက တနိုင်ငံအဖြစ် သတ်မှတ်ထားပြီး ပဋိပက္ခ၊ နေရပ်စွန့်ခွာမှု၊ စီးပွားရေးအခက်အခဲ၊ စားသောက်ကုန်ဈေးမြင့်တက်မှုနဲ့ ဆက်တိုက်ကြုံနေရတဲ့ သဘာဝဘေးတွေကြောင့် စားနပ်ရိက္ခာအခြေအနေ ပိုမိုဆိုးရွားနေတယ်လို့ ဆိုပါတယ်။

ဦးကျော်မိုးထွန်းကတော့ မြန်မာနိုင်ငံက စားနပ်ရိက္ခာမဖူလုံမှုဟာ လူသားချင်းစာနာမှုအကူအညီပေးရုံနဲ့ ဖြေရှင်းနိုင်မယ့် ပြဿနာမဟုတ်ဘဲ ပဋိပက္ခရဲ့ နိုင်ငံရေးအကြောင်းရင်းကိုပါ ဖြေရှင်းဖို့လိုတယ်လို့ ပြောပါတယ်။

Related News

Most Read