ဩဂုတ် ၂၃၊ ၂၀၂၆ | New Day Myanmar
လူမှုကွန်ရက်ပေါ်မှာ စစ်အုပ်စုက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လှုံ့ဆော်ဝါဒဖြန့်တယ် လို့ စွပ်စွဲထားတဲ့ သူရိယနေမင်း TikTok အကောင့်ပိုင်ရှင် သန်းစိုးဦး (ခ) နေမင်း ကို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဖမ်းဆီးပြီး အမှုဖွင့်ထားတယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ပါတယ်။
သန်းစိုးဦး (ခ) နေမင်းကို ဩဂုတ် ၂၀ ရက် ညနေ ၅ နာရီ ၁၀ မိနစ်မှာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၁၅) ရပ်ကွက် မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းမှာ ထိန်းသိမ်းထားကာ အမှုဖွင့်အရေးယူနေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
ဘယ်လို TikTok ဗီဒီယို ဒါမှမဟုတ် ရေးသားချက်တွေကြောင့် အခုလို ဖမ်းဆီးခဲ့တာလဲဆိုတာနဲ့ ဘယ်ဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားသလဲဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ အသေးစိတ် မဖော်ပြထားပါဘူး။
စစ်အုပ်စုက CRPH နဲ့ NUG ကို “အကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်ထားပြီး အဲဒီအဖွဲ့တွေနဲ့ ဆက်နွှယ်သူတွေ၊ ထောက်ခံအားပေးသူတွေနဲ့ လူမှုကွန်ရက်ပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တယ်လို့ စွပ်စွဲခံရသူတွေကို ဆက်လက်ဖော်ထုတ် အရေးယူမယ်လို့ အကြိမ်ကြိမ် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဩဂုတ် ၇ ရက်ကလည်း James Yar Kot နဲ့ Anna Moe Facebook အကောင့်တွေကို အသုံးပြုသူ ရာကုပ် (ခ) ဂျိမ်းရာကုပ် ကို အလားတူ လှုံ့ဆော်ဝါဒဖြန့်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ မှော်ဘီမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်ခဲ့ပါတယ်။ စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဩဂုတ် ၈ ရက်မှာ အဲဒီဖမ်းဆီးမှုကို တရားဝင်ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း Facebook၊ TikTok နဲ့ တခြားလူမှုကွန်ရက်တွေမှာ NUG၊ CRPH နဲ့ တော်လှန်ရေးအဖွဲ့တွေကို ထောက်ခံတာ၊ စစ်အုပ်စုကို ဝေဖန်တာ ဒါမှမဟုတ် ဆန့်ကျင်ရေးအကြောင်းအရာတွေ မျှဝေတာနဲ့ ပတ်သက်ပြီး လူအများအပြားကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
လက်ရှိ ဖမ်းဆီးခံထားရတဲ့ သန်းစိုးဦး (ခ) နေမင်းနဲ့ ရာကုပ် (ခ) ဂျိမ်းရာကုပ်တို့အပေါ် စစ်အုပ်စုဘက်က စွပ်စွဲထားတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူတို့ဘက်က တုံ့ပြန်ချက်ကိုတော့ မသိရသေးပါဘူး။

