Homeပြည်တွင်းသတင်းစစ်အုပ်စုရဲ့ ရေနံဝင်ငွေကို ဆက်လက်ရှင်သန်စေတဲ့ နိုင်ငံတကာကုမ္ပဏီ ၁၁ ခုကို နာမည်ပျက်စာရင်းသွင်း

စစ်အုပ်စုရဲ့ ရေနံဝင်ငွေကို ဆက်လက်ရှင်သန်စေတဲ့ နိုင်ငံတကာကုမ္ပဏီ ၁၁ ခုကို နာမည်ပျက်စာရင်းသွင်း

၂၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာစစ်အုပ်စုရဲ့ အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ ဝန်ဆောင်မှုနဲ့ စက်ပစ္စည်းတွေ ပံ့ပိုးနေတဲ့ နိုင်ငံတကာကုမ္ပဏီ ၁၁ ခုကို Burma Campaign UK က “ညစ်ပတ်လုပ်ငန်းစာရင်း” ထဲ ထည့်သွင်းလိုက်ပါတယ်။

စာရင်းထဲအသစ်ထည့်သွင်းခံရတဲ့ ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီတွေဟာ တူးဖော်ရေးကနေ စက်ပစ္စည်းထောက်ပံ့ရေး၊ ပြုပြင်ထိန်းသိမ်းရေးနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့စီမံကိန်း တိုးချဲ့ရေးအထိ အရေးပါတဲ့ဝန်ဆောင်မှုတွေ ပံ့ပိုးခဲ့ကြတာဖြစ်တယ်လို့ Burma Campaign UK နဲ့ Justice For Myanmar တို့က ပြောပါတယ်။

အခုထည့်သွင်းခံရတဲ့ ကုမ္ပဏီ ၁၁ ခုကတော့—

Baker Hughes

China Oilfield Services Limited (COSL)

COENS

Destini Berhad

ENRA Group

Halliburton

Hyundai Heavy Industries

PetroVietnam

SED Energy Holdings

SLB (ယခင် Schlumberger)

Weatherford International တို့ ဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေထဲက တချို့ဟာ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ တိုက်ရိုက်ဖြစ်စေ၊ နိုင်ငံခြားရေနံကုမ္ပဏီတွေနဲ့ စီမံကိန်းလုပ်ငန်းရှင်တွေကတဆင့် သွယ်ဝိုက်ပြီးဖြစ်စေ လက်တွဲလုပ်ကိုင်ခဲ့ကြတယ်လို့ Justice For Myanmar ရဲ့ စုံစမ်းဖော်ထုတ်ချက်မှာ ဖော်ပြထားပါတယ်။

Halliburton ဟာ POSCO International နဲ့ ထိုင်းရေနံကုမ္ပဏီ PTTEP တို့ကို ဝန်ဆောင်မှုပေးခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခဲ့တယ်လို့ Justice For Myanmar က ဆိုပါတယ်။

SLB လို့ အမည်ပြောင်းထားတဲ့ Schlumberger ကလည်း POSCO International၊ PTTEP နဲ့ တခြားနိုင်ငံတကာရေနံကုမ္ပဏီတွေအပြင် MOGE ဆီကပါ ငွေပေးချေမှုတွေရရှိခဲ့တယ်လို့ အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တောင်ကိုရီးယားကုမ္ပဏီ Hyundai Heavy Industries ကတော့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အဆင့် ၃ တိုးချဲ့ရေးအတွက် ဓာတ်ငွေ့ဖိအားမြှင့်စင် တည်ဆောက်ရေးစာချုပ်ရရှိခဲ့ပြီး စီမံကိန်းတိုးချဲ့မှုကနေ စစ်အုပ်စုအတွက် သဘာဝဓာတ်ငွေ့ဝင်ငွေ ပိုမိုရရှိလာနိုင်တယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။

ဗီယက်နမ်နိုင်ငံပိုင် PetroVietnam ရဲ့ လက်အောက်ခံကုမ္ပဏီတွေဟာလည်း ရွှေစီမံကိန်းနဲ့ ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ လုပ်ကိုင်ခဲ့သလို MOGE ဆီ စက်ပစ္စည်းတိုက်ရိုက်ပေးပို့ခဲ့တဲ့ အထောက်အထားရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍကို စစ်အုပ်စုက MOGE ကတဆင့် ထိန်းချုပ်ထားပြီး စီမံကိန်းတွေကရရှိတဲ့ အခွန်၊ လိုင်စင်ကြေးနဲ့ အမြတ်ဝေစုတွေကို စစ်လက်နက်၊ လေယာဉ်ဆီနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူရာမှာ အသုံးပြုနေတယ်လို့ Justice For Myanmar က ပြောပါတယ်။

အခုကုမ္ပဏီ ၁၁ ခုဟာ Burma Campaign UK က ဇူလိုင် ၂၀ ရက်မှာ “ညစ်ပတ်လုပ်ငန်းစာရင်း” ထဲ အသစ်ထည့်သွင်းခဲ့တဲ့ နိုင်ငံတကာကုမ္ပဏီ ၅၃ ခုထဲက ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီတွေ ဖြစ်ပါတယ်။ အဲဒီနောက် စာရင်းထဲမှာ ပါဝင်တဲ့ ကုမ္ပဏီစုစုပေါင်း ၂၂၈ ခုအထိ ရှိလာပါတယ်။

Burma Campaign UK က ကုမ္ပဏီတွေကို စာရင်းထဲမထည့်ခင် အများပြည်သူရရှိနိုင်တဲ့ အချက်အလက်တွေအပေါ် အခြေခံစိစစ်ခဲ့ပြီး ကုမ္ပဏီတခုကလွဲလို့ ကျန်ကုမ္ပဏီအားလုံးဆီ ရှင်းလင်းတုံ့ပြန်ခွင့်ပေးတဲ့စာတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

“မြန်မာစစ်တပ်ဟာ ပျမ်းမျှ နှစ်နာရီခွဲတိုင်း လေကြောင်းတိုက်ခိုက်မှုတကြိမ် ပြုလုပ်နေပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေဟာ ငွေကြေးအများကြီးကုန်ကျပြီး လက်နက်၊ ဘဏ္ဍာငွေနဲ့ နည်းပညာပေးနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေရဲ့ အကူအညီမရှိဘဲ မလုပ်ဆောင်နိုင်ပါဘူး” လို့ Burma Campaign UK ဒါရိုက်တာ မတ်ခ် ဖာမာနာက ပြောပါတယ်။

Justice For Myanmar ကတော့ ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ စစ်အုပ်စုဆီ စီးဆင်းမယ့်ငွေပေးချေမှုတွေကို ဆိုင်းငံ့ပြီး လုံခြုံတဲ့ဘဏ်စာရင်းတွေမှာ ထိန်းသိမ်းထားဖို့၊ အဲဒီလိုမလုပ်နိုင်ရင် မြန်မာနိုင်ငံက လုပ်ငန်းတွေကို တာဝန်ယူမှုရှိရှိ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

Related News

Most Read