၂၂ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေရဲ့ စာရင်းထဲမှာ ကုမ္ပဏီ ၅၃ ခုကို Burma Campaign UK က ထပ်မံဖြည့်စွက်လိုက်ပါတယ်။
ဒါကြောင့် Burma Campaign UK က “ညစ်ပတ်လုပ်ငန်းများ” လို့ ခေါ်ဆိုတဲ့ စာရင်းထဲမှာ ကုမ္ပဏီစုစုပေါင်း ၂၂၈ ခုအထိ ရှိလာပြီဖြစ်ပါတယ်။
အဲဒီစာရင်းမှာ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေ၊ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးညစ်ညမ်းမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို မှတ်တမ်းတင်ထားတာလို့ Burma Campaign UK က ဆိုပါတယ်။
အသစ်ထည့်သွင်းလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ Halliburton၊ SLB၊ Fortinet၊ Cisco၊ Oracle၊ SpaceX နဲ့ Microsoft တို့လည်း ပါဝင်လာပါတယ်။
ကုမ္ပဏီ ၅၃ ခုအနက် ၁၈ ခုဟာ အမေရိကန်အခြေစိုက်လုပ်ငန်းတွေဖြစ်ပြီး အဓိကအားဖြင့် နည်းပညာ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍတွေက ဖြစ်တယ်လို့ Burma Campaign UK က ပြောပါတယ်။
ဒီအချက်ဟာ အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေမှာ ဟာကွက်နဲ့ အားနည်းချက်တွေရှိနေတာကို ပြသနေပြီး အမေရိကန်ကုမ္ပဏီတချို့က စစ်တပ်နဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းတွေကို နည်းပညာနဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ထောက်ပံ့ခွင့်ရနေတယ်လို့ အဲဒီအဖွဲ့က ထောက်ပြပါတယ်။
အသစ်ထပ်မံထည့်သွင်းခံရတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံပေါင်း ၁၇ နိုင်ငံကဖြစ်ပြီး ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေက ကုမ္ပဏီလေးခုနဲ့ ဗြိတိန်က ကုမ္ပဏီတခုလည်း ပါဝင်ပါတယ်။ ကဏ္ဍအလိုက်ကြည့်ရင် နည်းပညာကုမ္ပဏီ ၁၆ ခုနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ ကုမ္ပဏီ ၁၄ ခု ပါဝင်ပါတယ်။
မြန်မာစစ်တပ်ဟာ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရာမှာ လိုအပ်တဲ့ ငွေကြေး၊ နည်းပညာနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ရရှိဖို့ နိုင်ငံခြားကုမ္ပဏီတွေအပေါ် အကြီးအကျယ်မှီခိုနေရတယ်လို့လည်း Burma Campaign UK က ပြောပါတယ်။
အခုလို “ညစ်ပတ်လုပ်ငန်းများ” စာရင်းကို ပြုစုရတာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်မှုအားလုံးကို နိုင်ငံတကာကုမ္ပဏီတွေက ဖြတ်တောက်လာအောင် ဖိအားပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း တသိန်းကျော် သေဆုံးခဲ့ပြီး လူပေါင်း ၁၄,၀၀၀ ကျော် စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်မှုကို ခံထားရဆဲဖြစ်တယ်လို့ Burma Campaign UK က ဆိုပါတယ်။ ဒါ့အပြင် လူပေါင်း ငါးသန်းခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့လည်း အဖွဲ့ရဲ့အချက်အလက်တွေအရ သိရပါတယ်။


