၁၆ မေ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြင်သစ်နိုင်ငံပိုင်ရှယ်ယာပါဝင်တဲ့ ကုမ္ပဏီကြီး Thales က ချိုးဖောက်ခဲ့ဖွယ်ရှိတယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့ပြီးနောက် ပြင်သစ်အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
Justice For Myanmar ရဲ့ အထောက်အထားတွေကို အသုံးပြုထားတဲ့ Disclose နဲ့ Info Birmanie တို့ရဲ့ အစီရင်ခံစာသစ်အရ Thales ဟာ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာစစ်တပ်ထံ Coast Watch 100 ရေကြောင်းစောင့်ကြည့်ရေး ရေဒါ ၆ လုံးကို ရောင်းချထောက်ပံ့ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါရေဒါစနစ်တွေကို ပြည်တွင်းဖိနှိပ်နှိမ်နင်းမှုတွေမှာ အသုံးပြုနိုင်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ EU ရဲ့ ကန့်သတ်အရေးယူမှုတွေကို ချိုးဖောက်ရာရောက်နိုင်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုစစ်ဆင်ရေး လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း Thales ဟာ အဆိုပါရေဒါတွေကို ယူရို ၁၆ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။
အစီရင်ခံစာအရ Coast Watch 100 ရေဒါတွေရဲ့ အဆင့်မြင့် ရေကြောင်းစောင့်ကြည့်ရေးစွမ်းရည်တွေကြောင့် ကမ်းရိုးတန်းဒေသတွေမှာရှိတဲ့ ရိုဟင်ဂျာပြည်သူတွေရဲ့ လှုပ်ရှားသွားလာမှုကို စောင့်ကြည့်ထိန်းချုပ်ရာမှာ အသုံးပြုနိုင်ခဲ့ပြီး ရေတပ်က လှေတွေကို ကြားဖြတ်တားဆီးတာနဲ့ အရပ်သားတွေကို ဖမ်းဆီးတာတွေမှာ အထောက်အကူဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
Thales ရဲ့ အဆိုပါရောင်းဝယ်မှုမှာ ကြားခံပွဲစားအဖြစ် ကျော်သောင်းမိသားစုပိုင် Ky-Tha Trading က ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး အဲဒီမိသားစုဟာ KT Group နဲ့ Ky-Tha Group စီးပွားရေးလုပ်ငန်းစုတွေကို လည်ပတ်နေကြတာဖြစ်ပါတယ်။
Justice For Myanmar က KT Group နဲ့ Ky-Tha Group တို့ဟာ မြန်မာစစ်တပ်နဲ့ ၎င်းရဲ့ စီးပွားရေးလုပ်ငန်းစုတွေဆီက မြေငှားရမ်းအသုံးပြုတာ၊ လက်နက်နဲ့ စစ်သုံးပစ္စည်းရောင်းဝယ်ရေးတွေမှာ ကြားခံလုပ်ဆောင်ပေးတာတွေကြောင့် စစ်တပ်ရဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။
ဒါ့ကြောင့် KT Group ၊ Ky-Tha Group နဲ့ ၎င်းတို့ရဲ့ ဒါရိုက်တာတွေ၊ ရှယ်ယာရှင်တွေအပေါ် EU၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတွေက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က ထပ်မံတောင်းဆိုထားပါတယ်။
အမေရိကန်အစိုးရဟာ ၂၀၂၂ ခုနှစ်က KT Group ဥက္ကဋ္ဌ ဂျိုနသန်မျိုးကျော်သောင်းနဲ့ KT Services & Logistics ကုမ္ပဏီတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ဖယ်ရှားပေးခဲ့ပါတယ်။
Justice For Myanmar ကတော့ Disclose ရဲ့ အခုထုတ်ပြန်တဲ့ အချက်အလက်အသစ်တွေနဲ့ KT Group ရဲ့ စစ်တပ်နဲ့ ဆက်လက်စီးပွားရေးဆက်ဆံနေမှုတွေကို ထည့်သွင်းစဉ်းစားရင် အမေရိကန်အနေနဲ့ အဲဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
ထို့အပြင် Thales ဟာ ပြင်သစ်အစိုးရက ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဖြစ်တာကြောင့် ပြင်သစ်အာဏာပိုင်တွေအနေနဲ့ Coast Watch 100 ရေဒါရောင်းချမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ ဥပဒေအရ အပြည့်အဝ တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ Justice For Myanmar က ပြောကြားထားပါတယ်။


