Homeအထူးသတင်းဘန်ကောက် ရထား-ဘတ်စ်ကားတိုက်မှုတွင် သေဆုံးခဲ့သည့် မြန်မာအမျိုးသမီး၏ ရုပ်အလောင်း မိသားစုဝင်များ လာရောက်ထုတ်ယူ

ဘန်ကောက် ရထား-ဘတ်စ်ကားတိုက်မှုတွင် သေဆုံးခဲ့သည့် မြန်မာအမျိုးသမီး၏ ရုပ်အလောင်း မိသားစုဝင်များ လာရောက်ထုတ်ယူ

၂၀ မေ ၂၀၂၆ | New Day Myanmar

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ရထားနဲ့ ဘတ်စ်ကား တိုက်မိမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူတွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသမီး မအေးအေးမြင့်ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေက မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ရဲဆေးရုံ မှုခင်းဆေးပညာအင်စတီကျုကနေ လာရောက်ထုတ်ယူခဲ့ကြပါတယ်။

ရုပ်အလောင်းကို နောက်ဆုံးအကြိမ် အတည်ပြုကြည့်ရှုတဲ့အချိန်မှာတော့ မိသားစုဝင်တွေရဲ့ ငိုကြွေးသံတွေနဲ့ အလွန်ဝမ်းနည်းဖွယ် မြင်ကွင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် သေဆုံးသူရဲ့ ချစ်သူဖြစ်သူအမျိုးသားဟာ ရင်ကွဲမတတ် ငိုကြွေးပြီး အားပြတ်ကာ လဲကျမေ့မြောသွားခဲ့တာကြောင့် ကယ်ဆယ်ရေးသမားတွေက ဝှီးချဲပေါ်တင်ပြီး အရေးပေါ်ပြုစုကုသပေးခဲ့ရပါတယ်။

မိသားစုဝင်တွေရဲ့ ပြောပြချက်အရ မအေးအေးမြင့်ဟာ ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတာ ၁၀ နှစ်ကျော်ရှိပြီဖြစ်ပြီး မိဘနဲ့ မိသားစုကို အမြဲထောက်ပံ့လုပ်ကျွေးနေတဲ့ အိမ်ထောင်စုရဲ့ အဓိကဝင်ငွေရသူတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

မတော်တဆမှု ဖြစ်ပွားခဲ့တဲ့နေ့မှာ ပိတ်ရက်ဖြစ်တာကြောင့် စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ချစ်သူဖြစ်သူဆီ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး အပြန်မှာ Central Rama 9 အနီးကနေ နံပါတ် 206 ဘတ်စ်ကားကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။

ကားပေါ်တက်ပြီး တစ်မှတ်တိုင်အကွာအဝေးမှာပဲ ရထားနဲ့ တိုက်မိတဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အခုလို အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

မတော်တဆမှုဖြစ်တဲ့နေ့ ညနေပိုင်းကတည်းက မအေးအေးမြင့်နဲ့ အဆက်အသွယ်ပြတ်တောက်သွားတာကြောင့် မိသားစုဝင်တွေက စိုးရိမ်တကြီး လိုက်လံရှာဖွေခဲ့ကြပြီး သတင်းတွေမှာ ရထား-ဘတ်စ်ကားတိုက်မှု သတင်းကို တွေ့မြင်ပြီးနောက် အခင်းဖြစ်နေရာကို ချက်ချင်းသွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မိသားစုဝင်တွေကတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ သေချာစုံစမ်းစစ်ဆေးပေးဖို့နဲ့ သေဆုံးသူအတွက် တရားမျှတမှု ရရှိစေဖို့ တောင်းဆိုထားပါတယ်။

လက်ရှိမှာတော့ ရုပ်အလောင်းကို Wat Phrom Wong Saram ဘုန်းကြီးကျောင်းမှာ နာရေးအစီအစဉ်များ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး