၂၅ မတ်လ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရည်းစားဖြစ်သူကို သတ်ဖြတ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ပလတ်စတစ်အိတ်တွေနဲ့ ထုတ်စွန့်ပစ်ခဲ့တဲ့ လာအိုနိုင်ငံသားတစ်ဦးကို နောင်ခိုင်ပြည်နယ် နယ်စပ်ဖြတ်ကျော် ထွက်ပြေးဖို့ ကြိုးပမ်းနေချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေအရ ဖမ်းဆီးရမိသူဟာ ရည်းစားဖြစ်သူကို သတ်ဖြတ်ပြီး အလောင်းကို အပိုင်းပိုင်းဖြတ်တောက်ခဲ့တာကို ဝန်ခံခဲ့ပြီး၊ ဆက်ဆံရေးအဆုံးသတ်လိုကြောင်း အမျိုးသမီးဘက်က ပြောဆိုခဲ့တာကြောင့် ဒေါသအလျောက် အခုလို ကျူးလွန်ခဲ့တာလို့ ထွက်ဆိုထားပါတယ်။
ဖြစ်စဉ်ဟာ မတ်လ ၂၄ ရက် ည ၈ နာရီခန့်မှာ နွန်သဘူရီပြည်နယ်၊ ပတ်ခရက်ခရိုင်ရှိ ကျောင်းတစ်ကျောင်းအနီးမှာ လူသေအလောင်းအစိတ်အပိုင်းတွေ ထည့်ထားတဲ့ အိတ် ၈ အိတ်ကို တွေ့ရှိရာက စတင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ရာ အသတ်ခံရသူဟာ အသက် ၂၀ အရွယ် လာအိုအမျိုးသမီး နန်းရမ် ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ သူမ ပျောက်ဆုံးနေမှုကို အစ်ကိုဖြစ်သူက ရဲတပ်ဖွဲ့ကို တိုင်ကြားထားတာကြောင့် စုံစမ်းမှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့က သံသယရှိသူ နေထိုင်ရာ ဘန်ကောက်မြို့ ထွန်းဆောင်ဟောင်ခရိုင်ရှိ တိုက်ခန်းကို ဝင်ရောက်ရှာဖွေစစ်ဆေးရာ CCTV မှတ်တမ်းတွေအရ အမျိုးသမီးဟာ အခန်းထဲဝင်ပြီးနောက် ပြန်လည်ထွက်ခွာသွားတာ မရှိတာကို တွေ့ရှိခဲ့ပြီး၊ အခန်းအတွင်း သွေးစွန်းထားတဲ့ အထောက်အထားတွေနဲ့ သွေးနံ့တွေကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သံသယရှိသူဟာ အခင်းဖြစ်ပြီးနောက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် နောင်ခိုင်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။


