Homeပြည်တွင်းသတင်းဘန်ကောက်မှာ ချစ်သူအမျိုးသမီးကို အပိုင်းပိုင်းဖြတ်သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားကို ထိုင်းရဲက ရန်ကုန်အထိ လေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်မယ်

ဘန်ကောက်မှာ ချစ်သူအမျိုးသမီးကို အပိုင်းပိုင်းဖြတ်သတ်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသားကို ထိုင်းရဲက ရန်ကုန်အထိ လေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်မယ်

၁၅ ဇွန် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ချစ်သူအမျိုးသမီးကို သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား အောင်ပြည့်ကို ထိုင်းရဲတပ်ဖွဲ့က ရန်ကုန်မြို့အထိ လေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၃၆ နှစ်အရွယ် အောင်ပြည့်ကို ဇွန်လ ၁၃ ရက် မနက် ၇ နာရီ ၄၅ မိနစ်ခန့်က ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဟင်္သာတမြို့မရဲစခန်း တာဝန်ရှိသူတွေ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဆိုပါအမှုဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Rajprarop Soi 1 မှာရှိတဲ့ တိုက်ခန်းတစ်ခန်းအတွင်း အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီး မအေးအေးနွဲ့ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ သေဆုံးသူဟာ Khlong Toei ဒေသရှိ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ရက်အတော်ကြာ အဆက်အသွယ်မရတော့တာကြောင့် ဆွေမျိုးတစ်ဦးက ရဲစခန်းကို အကြောင်းကြားခဲ့ရာကနေ အမှုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းရဲဘက်က သူ့ကို လူသတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်း၊ သေဆုံးမှုကို ဖုံးကွယ်ရန် အလောင်း သို့မဟုတ် အလောင်းအစိတ်အပိုင်းများကို ဖျောက်ဖျက်၊ ရွှေ့ပြောင်း၊ ဖျက်ဆီးခြင်း စတဲ့ စွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

အစပိုင်းမှာတော့ အောင်ပြည့်ကို ရန်ကုန်မြို့ကနေ မြဝတီမြို့အထိ ခေါ်ဆောင်လာပြီး တာ့ခ်ခရိုင် မဲဆောက်မြို့ နယ်စပ်ဂိတ်ကတဆင့် ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရန်ကုန်ကနေ မြဝတီကို သွားရမယ့် လမ်းကြောင်းတစ်လျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေရှိနေပြီး အန္တရာယ်များတဲ့ အနီရောင်နယ်မြေဖြစ်တယ်လို့ မြန်မာရဲတပ်ဖွဲ့ဘက်က အသိပေးခဲ့တာကြောင့် အစီအစဉ်ကို ပြောင်းလဲခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့ဟာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ သံတမန်ရေးရာ ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး အောင်ပြည့်ကို ရန်ကုန်မြို့အထိ လေယာဉ်နဲ့ သွားရောက်လက်ခံခေါ်ဆောင်မယ့် ရက်သတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း သေဆုံးသူရဲ့ ကျန်ရှိနေသေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှာဖွေရေးနဲ့ပတ်သက်ပြီး ဒင်းဒန်ရဲစခန်း စုံစမ်းရေးအဖွဲ့က ဘန်ကောက်မြို့ အမှိုက်တွေ စုစည်းပြီး မီးရှို့ဖျက်ဆီးတဲ့ အုန်းနု့ချ် အမှိုက်ပုံကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

စုံစမ်းမှုအရ အမှိုက်တွေကို နေ့စဉ် မီးရှို့ဖျက်ဆီးလေ့ရှိတာကြောင့် စွပ်စွဲခံထားရသူက သေဆုံးသူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အဲဒီနေရာမှာ စွန့်ပစ်ခဲ့ပါက အမှိုက်တွေနဲ့အတူ မီးရှို့ဖျက်ဆီးခံထားရနိုင်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ အဆောက်အအုံရှိ မိလ္လာကန်အတွင်း သေဆုံးသူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှိ၊ မရှိ စစ်ဆေးဖို့ မိလ္လာတွေကို စုပ်ထုတ်စစ်ဆေးတာတော့ မပြုလုပ်ရသေးဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အောင်ပြည့်ကို လက်ခံရရှိပြီး စစ်ဆေးမေးမြန်းပြီးနောက်မှသာ ကျန်ရှိနေသေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မည်သည့်နေရာတွေမှာ စွန့်ပစ်ထားကြောင်း အတိအကျ ထုတ်ဖော်စစ်ဆေးကာ ဆက်လက်ရှာဖွေသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံရသူကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးနိုင်ရေးနဲ့ ဆက်စပ်ဥပဒေလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး