၂ ဩဂုတ် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဝမ်သောင်လန်ခရိုင်က လိုင်စင်မဲ့အရက်ဆိုင်တဆိုင်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အသက် ၁၈ နှစ်မပြည့်သေးသူတဦးအပါအဝင် မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ ဆိုင်ဖွင့်လှစ်သူ ထိုင်းနိုင်ငံသားကို ဖမ်းဆီးခဲ့ပါတယ်။
ဩဂုတ် ၂ ရက် မနက် ၁ နာရီခွဲခန့်က ပရာဒစ်မနူထမ်လမ်း ၂ ပေါ်မှာရှိတဲ့ မှတ်ပုံတင်ထားခြင်းမရှိတဲ့ အဆောက်အအုံတခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့တာပါ။
ရဲတပ်ဖွဲ့ရောက်ရှိချိန်မှာ အတွင်းရှိသူတွေက ကျယ်လောင်တဲ့တေးဂီတနဲ့ ကခုန်နေကြပြီး မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း တွေ့ရှိခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။
ဆိုင်အတွင်း ရှာဖွေရာမှာ ကတ်တာမင်း(K) သုည ဒသမ ငါးဂရမ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီနေရာမှာ လိုင်စင်မရှိဘဲ ဘီယာရောင်းချနေကြောင်းလည်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဆိုင်အတွင်းရှိ မြန်မာနိုင်ငံသား ၁၁ ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖမ်းဆီးအမှုဖွင့်ထားပြီး သူတို့ထဲကတဦးဟာ အသက် ၁၈ နှစ်မပြည့်သေးသူဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတချို့ထံမှာ ဥပဒေအရ ကိုင်ဆောင်ထားရမယ့် နိုင်ငံကူးလက်မှတ် မပါရှိဘူးလို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဆိုင်ဖွင့်လှစ်တဲ့ ထိုင်းနိုင်ငံသားကိုတော့ ဆိုင်အတွင်း မူးယစ်ဆေးဝါးသုံးစွဲခွင့်ပြုမှု၊ အသက်မပြည့်သူကို လိုင်စင်မဲ့ဖျော်ဖြေရေးဆိုင်အတွင်း ဝင်ရောက်ခွင့်ပြုမှု၊ လိုင်စင်မရှိဘဲ အရက်ရောင်းချမှု၊ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေရေးဆိုင်ဖွင့်လှစ်မှုနဲ့ သတ်မှတ်ချိန်ကျော်လွန်ဖွင့်လှစ်ကာ အရက်ရောင်းချမှုတို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။


