Homeပြည်တွင်းသတင်းKTV သွားဖို့ ပိုက်ဆံလိုလို့ ဆိုင်ကယ်အငှားယာဉ်မောင်းကို သတ်ပြီး ဆိုင်ကယ်လုယူခဲ့တဲ့ လူငယ် ၃ ဦး ဖမ်းဆီးခံရ

KTV သွားဖို့ ပိုက်ဆံလိုလို့ ဆိုင်ကယ်အငှားယာဉ်မောင်းကို သတ်ပြီး ဆိုင်ကယ်လုယူခဲ့တဲ့ လူငယ် ၃ ဦး ဖမ်းဆီးခံရ

၂ ဩဂုတ် ၂၀၂၆ | New Day Myanmar

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဆိုင်ကယ်အငှားယာဉ်မောင်းတဦးကို ဓားနဲ့ထိုးသတ်ပြီး ဆိုင်ကယ်လုယူခဲ့တယ်ဆိုတဲ့ လူငယ်သုံးဦးကို မြဝတီ၊ ဇင်းကျိုက်နဲ့ ကြံခင်းမြို့တွေမှာ ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

သေဆုံးသူဟာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ်၊ စက်ချုပ် ၆ လမ်းမှာနေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဆိုင်ကယ်အငှားယာဉ်မောင်း ဦးအောင်ဟိန်းဖြစ်ပါတယ်။

ဦးအောင်ဟိန်းဟာ ဇူလိုင် ၁ ရက် ညနေ ၅ နာရီခွဲခန့်မှာ ဆိုင်ကယ်အငှားယာဉ်မောင်းဖို့ နေအိမ်ကနေ ထွက်ခွာသွားပြီး ည ၁၁ နာရီအထိ ပြန်မရောက်လာတာကြောင့် မိသားစုက ဖုန်းဆက်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဇူလိုင် ၂ ရက် မနက် ၆ နာရီခန့်မှာ ထပ်မံဖုန်းခေါ်ဆိုရာ လမ်းလုပ်သားတဦးက ဖုန်းကောက်ရထားကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေက ဖုန်းတွေ့ရှိရာ မော်လမြိုင်တောင်ပေါ်တက်လမ်း၊ ဦးခန္တီဘုရားရှေ့ ချစ်သူလမ်းကြားအနီးမှာ ရှာဖွေခဲ့ရာ ခြုံပုတ်အနီးမှာ ဦးအောင်ဟိန်းရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။

ရုပ်အလောင်းရဲ့ လည်ပင်းညာဘက်မှာ ထိုးသွင်းဒဏ်ရာသုံးချက် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို စစ်ဆေးရာမှာ ဆိုင်ကယ်အငှားယာဉ်တစီးပေါ် အမျိုးသားသုံးဦး လိုက်ပါသွားတာကို တွေ့ရှိခဲ့ပြီး သူတို့ကို မြိုင်သာယာရှိ ရွှေသံစဉ် KTV ကနေ ဆိုင်ကယ်နဲ့ ပို့ဆောင်ပေးခဲ့ကြောင်း ဆက်လက်စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ စစ်ကဲကုန်းနယ်မြေရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ အရွယ် တိုးချစ်လင်း (ခ) မွန်လေး၊ အသက် ၁၉ နှစ်အရွယ် ဖြိုးဝေကျော် (ခ) ဂျွန်ကိုထက်နဲ့ အသက် ၁၉ နှစ်အရွယ် လရောင်ခန့် (ခ) ဝတုတ်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

သူတို့ဟာ ဇူလိုင် ၁ ရက် ည ၉ နာရီခန့်မှာ ဦးအောင်ဟိန်းရဲ့ ဆိုင်ကယ်ကို ငှားစီးပြီး ချစ်သူလမ်းကြားအနီးကို ရောက်ချိန် သတ်ဖြတ်ကာ ဆိုင်ကယ်လုယူခဲ့ကြောင်း ထွက်ဆိုထားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

လုယူခဲ့တဲ့ဆိုင်ကယ်ကို ကျပ် ၁၄ သိန်း ၇ သောင်းနဲ့ ရောင်းချခဲ့ပြီး ရရှိတဲ့ငွေတချို့ကို ဖမ်းဆီးခံရသူတဦးရဲ့ ညီမဆီ အပ်နှံခဲ့ပြီးနောက် သုံးဦးစလုံး ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။ ဆိုင်ကယ်ကိုတော့ ဇင်းကျိုက်မှာ ပြန်လည်သိမ်းဆည်းရမိခဲ့ပါတယ်။

KTV သွားဖို့ ငွေလိုအပ်တာကြောင့် လူသတ်ပြီး ဆိုင်ကယ်လုယူခဲ့တာလို့ ဖမ်းဆီးခံရသူတွေက ထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဖမ်းဆီးခံရသူသုံးဦးကို စစ်ကဲကုန်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး စွပ်စွဲချက်တွေနဲ့ ထွက်ဆိုချက်တွေကို တရားရုံးက အတည်ပြုစီရင်ရဦးမှာ ဖြစ်ပါတယ်။

Related News

Most Read