Homeပြည်တွင်းသတင်းမော်လမြိုင် View Point အနီး Taxi ယာဉ်မောင်းတစ်ဦး သေဆုံးမှု၊ ကျူးလွန်သူကို စုံစမ်းဖော်ထုတ်နေ

မော်လမြိုင် View Point အနီး Taxi ယာဉ်မောင်းတစ်ဦး သေဆုံးမှု၊ ကျူးလွန်သူကို စုံစမ်းဖော်ထုတ်နေ

၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

မော်လမြိုင်မြို့မှာ အသက် ၄၅ နှစ်အရွယ် Taxi ယာဉ်မောင်း ဦးအောင်ဟိန်းဦးဟာ ဇူလိုင် ၁ ရက်နေ့က အလုပ်ဆင်းဖို့ နေအိမ်ကနေ ထွက်ခွာသွားပြီးနောက် မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးသွားခဲ့တယ်လို့ မော်လမြိုင်ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

၎င်းရဲ့ ပြောပြချက်အရ မိသားစုဝင်တွေက ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ဘဲ၊ ဇူလိုင် ၂ ရက်နေ့မှာတော့ လမ်းလုပ်သားတစ်ဦးက ဖုန်းကို ကောက်တွေ့ပြီး ပြန်လည်ဖြေကြားခဲ့တာကြောင့် ဖုန်းတွေ့ရှိတဲ့နေရာအနီးကို မိသားစုဝင်တွေ သွားရောက်ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် မော်လမြိုင်တောင်ပေါ်တန်း View Point အောက်ဘက် လမ်းဘေးခြုံအတွင်းမှာ လည်ပင်းကို ထိုးသွင်းဒဏ်ရာ ၃ ချက် ရရှိထားတဲ့ ဦးအောင်ဟိန်းဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဦးအောင်ဟိန်းဦးဟာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ်မှာ နေထိုင်သူဖြစ်ပြီး၊ လက်ရှိမှာတော့ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most Read