၁၀ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသား မောင်မင်းခန့်ဇော်ကို ရေကန်တစ်ခုအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုဝင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
မောင်မင်းခန့်ဇော်ဟာ မြောက်ဒဂုံမြို့နယ်၊ (၃၉/A) ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ဇွန်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်က နေအိမ်မှ ထွက်ခွာသွားပြီးနောက် ပြန်လည်ရောက်ရှိလာခြင်း မရှိဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဓာတ်ပုံတွေနဲ့အတူ အကူအညီတောင်းခံခဲ့ကြသလို သက်ဆိုင်ရာ ရဲစခန်းမှာလည်း လူပျောက်အမှု ဖွင့်လှစ်တိုင်ကြားခဲ့ကြပါတယ်။
“ပြည်သူတွေရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေပါတယ်” ဆိုပြီး မိသားစုဝင်တွေက လူမှုကွန်ရက်တွေကတစ်ဆင့် ဆက်တိုက် အကူအညီတောင်းခံခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတော့ ရေကန်တစ်ခုအတွင်း သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရကြောင်း မြောက်ဒဂုံမြို့နယ် (၃၉/A) ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မောင်မင်းခန့်ဇော်ရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးကလည်း “တူလေးဆုံးပြီ။ ရေကန်ထဲမှာ တွေ့ရတယ်” လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
လက်ရှိမှာတော့ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကျူးလွန်သူရှိပါက အမြန်ဆုံး ဖော်ထုတ်အရေးယူပေးဖို့ လူမှုကွန်ရက်အသုံးပြုသူတွေနဲ့ ဒေသခံတွေကြား တောင်းဆိုမှုတွေ ထွက်ပေါ်နေပါတယ်။


