Homeပြည်တွင်းသတင်းမြောက်ဒဂုံတွင် သေဆုံးခဲ့သည့် ၁၃ နှစ်အရွယ် ကျောင်းသားလေးမှာ ရေနစ်သေဆုံးခြင်းသာဖြစ်ကြောင်း အဒေါ်ဖြစ်သူ ပြော

မြောက်ဒဂုံတွင် သေဆုံးခဲ့သည့် ၁၃ နှစ်အရွယ် ကျောင်းသားလေးမှာ ရေနစ်သေဆုံးခြင်းသာဖြစ်ကြောင်း အဒေါ်ဖြစ်သူ ပြော

၁၁ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ သေဆုံးခဲ့တဲ့ ၁၃ နှစ်အရွယ် ကျောင်းသား မောင်မင်းခန့်ဇော်ရဲ့ သေဆုံးမှုဟာ ရေနစ်သေဆုံးခြင်းသာ ဖြစ်တယ်လို့ နောက်ဆုံးစုံစမ်းသိရှိရတဲ့ အခြေအနေတွေကို သေဆုံးသူရဲ့ အဒေါ်တော်စပ်သူက လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ဖော်ပြောဆိုထားပါတယ်။

သူမရဲ့ ပြောဆိုချက်အရ အခင်းဖြစ်ပွားခဲ့တဲ့ ရေကန်အနီးကို သွားရောက်စုံစမ်းရာမှာ ကလေးတွေ ရေကူးနေတာကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ အမျိုးသားတစ်ဦးနဲ့ တွေ့ဆုံခဲ့ရပြီး ဖြစ်စဉ်အသေးစိတ်ကို သိရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးသွားတဲ့နေ့ ညနေ ၅ နာရီကျော်အချိန်မှာ မောင်မင်းခန့်ဇော်အပါအဝင် ကလေး ၃ ဦးဟာ ရေကန်ထဲမှာ ရေကူးနေခဲ့ကြပြီး ရုတ်တရက် မိုးရွာလာတာကြောင့် မျက်မြင်တွေ့ရှိသူ အမျိုးသားက နေအိမ်ထဲ ဝင်ရောက်ခိုနားခဲ့တယ်လို့ သိရပါတယ်။

မိုးတိတ်ပြီးနောက် အပြင်ပြန်ထွက်လာချိန်မှာတော့ ရေပြင်ဟာ ငြိမ်သက်နေပြီး ရေနစ်မြုပ်နေတဲ့ အခြေအနေကို မသိရှိခဲ့ဘူးလို့ ဆိုပါတယ်။

ရေကူးနေတဲ့ ကလေး ၃ ဦးထဲက ၂ ဦးသာ ကမ်းပေါ်ပြန်တက်လာခဲ့ပြီး အဲဒီကလေး ၂ ဦးဟာ တစ်ကိုယ်လုံးတုန်ရီနေခဲ့တာကြောင့် “ဘာဖြစ်လို့ တုန်နေတာလဲ” လို့ မေးမြန်းရာ “အရမ်းချမ်းလို့ တုန်တာ” လို့ ပြန်ဖြေခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ကလေးတစ်ယောက် ဘယ်ရောက်သွားလဲလို့ မေးတဲ့အခါမှာတော့ “အိမ်ပြန်သွားပြီ” လို့ ပြောဆိုခဲ့ကြောင်း၊ ဒါကြောင့် မိုးမိပြီး ဖျားနာမှာစိုးလို့ ကလေး ၂ ဦးကို ဆူငေါက်ပြီး အိမ်ပြန်လွှတ်လိုက်တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောထားပါတယ်။

သေဆုံးသူရဲ့ မိသားစုဘက်ကတော့ မောင်မင်းခန့်ဇော်ဟာ ရေကူးရင်း ရေနစ်သေဆုံးခဲ့တာ သေချာသွားပြီဖြစ်ပေမယ့် ကယ်ဆယ်နိုင်မယ့် လူကြီးတစ်ဦး ရှိနေချိန်မှာ အတူရေကူးခဲ့တဲ့ သူငယ်ချင်းတွေက အမှန်အတိုင်း မပြောဘဲ ဖုံးကွယ်ထားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ အဒေါ်ဖြစ်သူက အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းရာမှာ လက်ရှိဥပဒေအရ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ထောင်ချတာ၊ တရားစွဲဆိုတာတွေ လုပ်ဆောင်လို့မရကြောင်း ရှင်းပြခဲ့တာကြောင့် ပိုမိုခံစားရတယ်လို့လည်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အခုအချိန်အထိ အတူရေကူးခဲ့တဲ့ ကလေးတွေနဲ့ မိဘတွေဘက်က တောင်းပန်တာမျိုး မရှိသေးဘဲ အဆိုပါ ကလေးတွေဟာ ကျောင်းကို ပုံမှန်အတိုင်း ဆက်လက်တက်ရောက်နေကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ အဒေါ်ဖြစ်သူကတော့ မိမိတို့ မိသားစု ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးမျိုး ထပ်မဖြစ်စေဖို့ မိဘတွေအနေနဲ့ သားသမီးတွေကို အနီးကပ်ဂရုစိုက်ကြဖို့နဲ့ မိဘကို အသိမပေးဘဲ ပြင်ပကို ထွက်သွားတာမျိုး မဖြစ်စေဖို့ အထူးသတိထားကြဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး