Homeနိုင်ငံတကာသတင်းကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကိုတွင် စတင်ဖွင့်လှစ်

ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကိုတွင် စတင်ဖွင့်လှစ်

၁၂ ဇွန် ၂၀၂၆ | New Day Myanmar

ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် အကြီးမားဆုံး ပြိုင်ပွဲအဖြစ် သတ်မှတ်ခံထားရတဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (FIFA World Cup 2026) ပြိုင်ပွဲကြီးကို ဇွန်လ ၁၁ ရက်နေ့က မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့ရှိ နာမည်ကျော် Estadio Azteca အားကစားကွင်းမှာ တခမ်းတနား ဖွင့်လှစ်လိုက်ပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပြီး ပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအကြိမ် အသင်း ၄၈ သင်းအထိ တိုးချဲ့ကျင်းပတာလည်း ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ပရိသတ် ၈ သောင်းကျော်ရှေ့မှာ ကျင်းပခဲ့ပြီး ကမ္ဘာကျော်အဆိုတော် Shakira နဲ့ Burna Boy တို့က ၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်း Dai Dai ကို သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ဒါ့အပြင် မက္ကဆီကိုရဲ့ ရိုးရာယဉ်ကျေးမှု အကအလှနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ထည့်သွင်းတင်ဆက်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားအပြီးမှာတော့ အိမ်ရှင် မက္ကဆီကိုအသင်းနဲ့ တောင်အာဖရိကအသင်းတို့ရဲ့ အဖွင့်ပွဲစဉ်ကို ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ အသင်း ၄၈ သင်းကို အုပ်စု ၁၂ စု ခွဲထားပြီး စုစုပေါင်း ပွဲစဉ် ၁၀၄ ပွဲအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ အုပ်စုတစ်ခုစီက ထိပ်ဆုံး ၂ သင်းနဲ့ တတိယနေရာရအသင်းတွေထဲက အကောင်းဆုံး ၈ သင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဖီဖာကတော့ ဒီပုံစံသစ်ဟာ နိုင်ငံပေါင်းစုံကို ကမ္ဘာ့ဖလားစင်မြင့်ပေါ် တက်ရောက်ယှဉ်ပြိုင်ခွင့် ပိုမိုရရှိစေဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ပြောထားပါတယ်။

မက္ကဆီကိုမှာ ဖွင့်ပွဲစတင်ကျင်းပခဲ့ပေမယ့် အိမ်ရှင် ၃ နိုင်ငံစလုံးမှာ သီးခြားဖွင့်ပွဲအခမ်းအနားတွေ ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့မှာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့နဲ့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တို့မှာလည်း ဖွင့်ပွဲအခမ်းအနားတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ရှိ အိမ်ရှင်မြို့ကြီး ၁၆ မြို့မှာ ပွဲစဉ်တွေကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုတော့ ဇူလိုင်လ ၁၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အနီးရှိ MetLife Stadium ကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာ့ချန်ပီယံအသစ်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ပုံစာ – မက္ကဆီကိုစီးတီးမြို့ရှိ Estadio Azteca အားကစားကွင်းတွင် ကျင်းပခဲ့သည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား။

Related News

Most Read