၁၂ ဇွန် ၂၀၂၆ | New Day Myanmar
အီရန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ သဘောတူညီချက်တစ်ရပ် ရရှိထားတာကြောင့် စီစဉ်ထားတဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို ဖျက်သိမ်းလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်အရ အီရန်ခေါင်းဆောင်ပိုင်း အမြင့်ဆုံးအဆင့်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး သဘောတူညီချက်ရရှိထားတဲ့အတွက် ယနေ့ည ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အမေရိကန်၊ အစ္စရေး၊ ဆော်ဒီအာရေဗျ၊ ယူအေအီး (UAE)၊ ကာတာ၊ တူရကီ၊ ပါကစ္စတန်၊ ဘာရိန်း၊ ကူဝိတ်နဲ့ အီဂျစ်နိုင်ငံတို့အပါအဝင် သက်ဆိုင်ရာ နိုင်ငံတွေ ပါဝင်ခဲ့ပြီး အခြေခံသဘောတရားတွေအပြင် အသေးစိတ်အချက်အလက်တွေကိုပါ သဘောတူညီမှု ရရှိထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် နောက်ဆုံး သဘောတူညီချက်ကို တရားဝင် လက်မှတ်မထိုးရသေးခင်အထိ ရေတပ်ပိတ်ဆို့မှု (Naval Blockade) ကို ဆက်လက်ထားရှိသွားမယ်လို့ အမေရိကန်ဘက်က ပြောဆိုထားပါတယ်။
သဘောတူညီချက် လက်မှတ်ရေးထိုးမယ့် အချိန်နဲ့ နေရာကို မကြာမီ ထုတ်ပြန်ကြေညာသွားမယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အီရန်နဲ့ အမေရိကန်တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်ခဲ့ပြီး ဒေသတွင်း စစ်ပွဲကျယ်ပြန့်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုလို စစ်ရေးတိုက်ခိုက်မှုတွေကို ဖျက်သိမ်းပြီး သံတမန်ရေးဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာဟာ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုလျှော့ချရေးအတွက် အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။


